ဂန့်ဂေါမြို့တွင် မူးယစ်ဆေးဝါးအမှုနှင့် ဖမ်းဆီးခံရသော ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်အား စက်တင်ဘာ ၂၆ ရက် နံနက်တွင် ရမန်ထပ်ယူရန်အတွက် ရုံးထုတ်ခဲ့ပြီး ဆရာမ ဒေါ်သန်းသန်းမြင့်က မူးယစ်ဆေးဝါးများသည် သူမ၏ပစ္စည်း မဟုတ်ကြောင်းနှင့် အမှုကို လုပ်ကြံဖန်တီးသူအား အမြန်ဆုံး ထုတ်ဖော်ပေးရန် ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။
ဂန့်ဂေါမြို့နယ် မွှေ့လည်ကျေးရွာတွင် ငါးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်သန်းသန်းမြင့်သည် တရားရုံးတွင် ကာမလိမ်လည်မှုနှင့် နေပြည်တော်တိုင်းမ်ဂျာနယ် အယ်ဒီတာချုပ် ဦးဝရိန်မိုးအား တရားစွဲဆိုထားသော အမှုကို ရင်ဆိုင်အပြီး ပြန်လာစဉ် စက်တင်ဘာ ၁၁ ရက်က ဂန့်ဂေါ – ကလေးလမ်း ၊ စိုင်ဒူးတံတားအနီး မြို့အ၀င်ဂိတ်တွင် ရဲတပ်ဖွဲ့က သတင်းအရဟု ဆိုကာ ၎င်းစီးနင်းလာသော ဆိုင်ကယ်ကို ရှာဖွေရာမှ စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“ဒီအမှုနဲ့ ပတ်သက်လို့ကတော့ ဆိုင်ကယ်ဘောက်ထဲမှာ တွေ့တာ ကျွန်မဟာ မဟုတ်သလို ကျွန်မပစ္စည်း မဟုတ်ဘူး။ အဲဒါပဲ ပြောချင်တယ်။ ဒါနဲ့ပတ်သက်လို့ အမှုကို လုပ်ကြံတဲ့သူကို အမြန်ဖော်ထုတ်စေချင်တယ်။ ကျွန်မ မဟုတ်တဲ့အတွက် အကျဉ်းချတဲ့အထဲမှာ မနေချင်ဘူး”ဟု ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့်က ပြောကြားသည်။
စက်တင်ဘာ ၂၆ ရက်က အဆိုပါ ကျန်းမာရေး ဆရာမအား ရုံးထုတ်ခဲ့ပြီး ရဲလုပ်ငန်းစဉ်များ ကျန်ရှိနေသဖြင့် ရမန်ထပ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဂန့်ဂေါမြို့မ ရဲစခန်းမှူး ဒုရဲမှူး စိုးစိုးက ပြောကြားသည်။
“ရဲလုပ်ငန်းကတော့ ထင်မြင်ချက် တောင်းတာလေးတွေ ကျန်သေးတာပေါ့။ အဲဒါလေးတွေက မရသေးတော့။ ဒီကနေ့က ရမန်ထပ်ယူတာပါ။ ဥပဒေအကြံတောင်းက ကျွန်တော်တို့က ဒီအတောအတွင်း တောင်းရမှာပေါ့။ ဒီကနေ့ မတောင်းသေးဘူး။ ကျွန်တော်တို့က ဒီအတောအတွင်းပဲ အကုန်လုံးရရင် အချိန်ပြီးရင် ပြီးသလို အမြန်ဆုံး ရမန်စေ့မှ မဟုတ်ပါဘူး။ ဥပဒေကျရင် တန်းတရားစွဲမှာပေါ့။ လောလောဆယ် လတ်တလောတော့ ဘာမှ မသိသေးဘူးလေ။ ဥပဒေ အကြံပြုလို့မှ လိုအပ်ရင်လည်း ထပ်ဘာညာရှိရင် ရှိမှာပေါ့။ ကျွန်တော်တို့ဘက်က ပြည့်စုံနေပြီပေါ့။ ကျွန်တော်တို့ဘက်က ပြီးပါပြီ။ ဒီအတောအတွင်း အကြံတောင်းရမှာပေါ့”ဟု ဂန့်ဂေါမြို့မရဲစခန်းမှူး ရဲမှူးစိုးစိုးက ပြောကြားသည်။
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးကျန်းမာရေးဝန်ထမ်း အမှုကို အမြန်ဆုံးနှင့် အမှန်ဆုံး ဆောင်ရွက်ပေးရန် ဂန့်ဂေါခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး ထူးခြားမှု မရှိပါက ဆန္ဒထုတ်ဖော်မည်ဟု ပြောကြားသည်။
ကျန်းမာရေးဝန်ထမ်းများ၏ ထုတ်ပြန်ချက်တွင် ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းမြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသော စက်တင်ဘာ ၁၁ ရက်မှ ယနေ့အထိ အမှုနှင့်ပတ်သက်၍ ထူးခြားချက် တစ်စုံတစ်ရာ မသိရှိရသောကြောင့် ကျန်းမာရေး ၀န်ထမ်းများအနေဖြင့် အထူးပင် စိုးရိမ်ပူပန်မိကြောင်း၊ အလားတူ ဖြစ်ရပ်မျိုးကို ကျန်းမာရေး ၀န်ထမ်းများသာမက အခြားဌာနဆိုင်ရာ ၀န်ထမ်းများပါ ကြုံတွေ့နိုင်သည်ဖြစ်ရာ အမှုမှန်အမြန်ဆုံး ပေါ်ပေါက်ရန်မှာ အထူးပင် အရေးကြီးသည်ဟု ယူဆမိကြောင်း၊ ယင်းကြောင့် ဆရာမ ဒေါ်သန်းသန်းမြင့်၏ အမှုကို အမှန်ကန်ဆုံး နှင့် အမြန်ဆုံးဖြစ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးပါရန် ဂန့်ဂေါခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက မေတ္တာရပ်ခံ တိုက်တွန်းအပ်ကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့က ဘာလို့ ဒီလိုလုပ်သလဲဆိုရင် ကျန်းမာရေးဝန်ထမ်း တော်တော်များများ ပြည်သူ့ကျန်းမာဘက်က သားဖွားဆရာတွေ၊ အမျိုးသမီးကျန်းမာရေး ဆရာမတွေက နယ်တွေကို ဆင်းရတယ်။ သွားရတယ်။ ဆေးအိတ်တွေနဲ့ ခရီးသွားရတယ်။ အဲဒီလို သွားရလာရတဲ့ လမ်းတွေမှာ အခုလို ဆရာမ ဒေါ်သန်းသန်းမြင့် ဖြစ်သလိုမျိုး ဥပမာ ထောင်ချောက်ဆင်တာမျိုး နောက်ထပ် မဖြစ်နိုင်ဘူးလား။ အဲဒီလိုမျိုးတွေ ထပ်မဖြစ်စေချင်တော့ဘူး။ ဒီလိုမျိုးသာဆိုရင် လူတိုင်း လူတိုင်း ကိုယ်မုန်းတဲ့သူတွေ၊ ကိုယ်မတည့်တဲ့ သူတွေကို အလွယ်တကူ ထောင်ချောက်ဆင် ဆေးပစ်ပြီးတော့ ဖမ်းလို့ရတဲ့ ပုံစံမျိုးဖြစ်နေတယ်ဗျ။ ကျွန်တော်တို့က အဲဒါကို မလိုလားလို့ပါ”ဟု ဂန့်ဂေါဆေးရုံကြီးမှ သူနာပြု ဦးတော်မီအောင်က ပြောကြားသည်။
ဂန့်ဂေါမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်း အမျိုးသမီးအား မူးယစ်ဆေးဝါးမှုနှင့် ဖမ်းဆီးခြင်းမှာ လုပ်ကြံဖန်တီးမှုဟု ဆွေမျိုးများနှင့် နီးစပ်သူများက ပြောကြားပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားမည်ဟု ၎င်း၏ ဆွေမျိုးများက ပြောကြားခဲ့သည်။
Eleven Media Group
0 comments:
Post a Comment