ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းရေလှောင်တမံ ရေထိန်းတံခါးကျိုးပေါက်မှုကြောင့် မြို့နယ် ၆ မြို့နယ်ထဲရှိ မြေဧက ၁ သိန်း ၄ သောင်းနီးပါး ရေဖုံးလွှမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ဘီလီယံ ၄ သောင်းကျော်ရှိခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးနှင့် ကျောက်ကြီး မြို့နယ် များအတွင်းသို့ ရေများဝင်ရောက်လာမှုကြောင့် လူနေအိမ် အလုံး ၅၀၀ ကျော်၊ အခြေခံပညာကျောင်း ၄ ခု၊ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနှင့် တံတား ၂၁ စင်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောသည်။
“ သန်းနဲ့တွက်ရင် သန်းပေါင်း ၄၄၃၃၂၀၀၀ ဖြစ်သွားပြီ။ဘီလီယံနဲ့တွက်ရင်တော့ ၄၄၃၃၂ ဘီလီယံ။ ဘီလီယံ ၄သောင်းကျော်လောက် ရှိတယ်”ဟု၎င်းကဆိုသည်။
ထို့အပြင် မြို့နယ် ၆ မြို့နယ်ထဲတွင်ရှိသော လမ်းများမှာ မိုင် ၃၀ အရှည်ခန့်အထိ ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။ထိခိုက်ပျက်စီးခဲ့ရသည့် အိမ်များထဲမှ လုံးဝ ပျက်စီးသွားသောအိမ် ၁၈၅ လုံးအတွက် တိုင်းဒေသကြီး နှင့် ပြည်ထောင်စုအစိုးရတို့မှ တစ်အိမ်လျှင် ငွေကျပ် ၃ သိန်းနှင့် အနည်းငယ်ထိခိုက်ထားသောအိမ်များအတွက် ငွေကျပ် ၈ သောင်းအပြင် သွပ်များကိုလည်းထောက်ပံ့ပေးထားသည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါရေဘေးကြောင့် လူ ၆ သောင်းကျော်ရေဘေးသင့်ခဲ့ရပြီး သေဆုံးခဲ့ရသည့် လူ ၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃ သိန်းနူန်းဖြင့် မိသားစုများကို ထောက်ပံ့ပေးထားသည်ဟုလည်း သိရသည်။
ပြည်ထောင်စုအစိုးရနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဆွာရေလှောင်တမံ ရေထိန်းတံခါး ကျိုးပေါက် မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသူများကို စုစုပေါင်းငွေကျပ် ၈၂၂ သိန်းနှင့် ၆ သောင်းအထိ ထောက်ပံ့ပေး ထားကြောင်းလည်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းကပြောသည်။
သို့သော် ရေများဖုံးလွှမ်းခဲ့သည့် ဧကပေါင်း ၁ သိန်း ၄ သောင်းနီးပါးတွင် သုံးပုံနှစ်ပုံဖြစ်သည့် ဧက ၉ သောင်း ကျော်လောက်ကသာ ရေပြန်ကျနေပြီး ရေဖုံးဧရိယာများကျန်နေသေး၍ စက်တင်ဘာ ၅ ရက်နေ့အထိ လူအချို့ မှာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု ဥယျာဉ်မှူးကျေးရွာအထက်ဘက်ရှိ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲမှ သြဂုတ် ၂၆ ရက်မှစတင်၍ ရေများစတင်ကျော်လာခဲ့ပြီး သြဂုတ် ၂၉ ရက်နံနက် ပိုင်းတွင် အမြန်လမ်းနှင့် ကျေးရွာတချို့သို့ ရေများစတင်ဝင်ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါနေရာသို့ ဒုတိယသမ္မတ ( ၂ ) ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့လည်း လာရောက်ကြည့်ရှုခဲ့ကြသေးသည်။
Mizzima - News in Burmese
0 comments:
Post a Comment