(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၂၆-၉-၂၀၁၈ ရက်၊ ဒေသစံတော်ချိန် ၁၇၀၀ နာရီတွင် နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပသော ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲအခမ်းအနား (2018 Treaty Event) သို့ တက်ရောက်ခဲ့ပြီး နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ စာချုပ် (Treaty on the Prohibition of Nuclear Weapons-TPNW) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား လက်မှတ် ရေးထိုးခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို အပြည်ပြည်ဆိုင်ရာ နျူကလီးယားလက်နက်များ အလုံးစုံ ဖျက်သိမ်းရေးနေ့နှင့် တိုက်ဆိုင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသော နိုင်ငံများက လက်မှတ်ရေးထိုးခြင်း၊ လက်မှတ်ရေးထိုးပြီးသည့် နိုင်ငံများက အတည်ပြုခြင်း (ratification) တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ အနေဖြင့် စာချုပ်တွင် (၆၁) နိုင်ငံမြောက် လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး၊ အန်တီကွာဘာဗူဒါနိုင်ငံ၊ ဘီနင်နိုင်ငံ၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ ဂီနီယာ ဗစ်ဆာရူနိုင်ငံ၊ ဆေရှဲလ်နိုင်ငံ၊ တီမောလက်စ်တေးနိုင်ငံတို့ကလည်း အလားတူ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဂမ်ဘီယာနိုင်ငံ၊ ဆာမိုအာနိုင်ငံ၊ ဆန်မာရီးနိုးနိုင်ငံ၊ ဗန်နွာတူနိုင်ငံတို့က စာချုပ်အား အတည်ပြုခဲ့ကြပါ သည်။
ယခုအခါ အဆိုပါစာချုပ်အား ပါဝင်လက်မှတ်ရေးထိုးပြီးသည့်နိုင်ငံ (၆၇) နိုင်ငံနှင့် အတည်ပြုပြီးသည့် နိုင်ငံ (၁၉) နိုင်ငံ ရှိကြောင်း၊ စာချုပ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့က လက်မှတ်ရေးထိုးပြီး ဖြစ်ပြီး၊ ထိုင်းနိုင်ငံက အတည်ပြုပြီး ဖြစ်ကြောင်း သိရှိရပါသည်။
Credit - Ministry of Foreign Affairs Myanmar
The Ladies News
0 comments:
Post a Comment