Sunday, February 3, 2019

အိန္ဒိယတွင် ရထားတစီး လမ်းချော်တိမ်းမှောက်မှုကြောင့် ၇ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ


အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ရထားတစီး လမ်းချော်တိမ်းမှောက်ခဲ့တာကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 
နယူးဒေလီကို ဦးတည်မောင်းနှင်လာတဲ့ တွဲ ၁၁ တွဲပါ ရထားဟာ ပတ္တနားမြို့မြောက်ဘက် ကီလို ၃၀ အကွာမှာ လမ်းချော်ခဲ့တာပါ။ 

ရထားလမ်းချော်မှုကြောင့် ဒဏ်ရာရသူ ၁၀ ဦးနဲ့ ၁၅ ဦးကြားရှိပြီး သူတို့ကို အရေးပေါ်ကုသမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ရထားလိုင်း တာဝန်ရှိသူက ပြောပါတယ်။ 

ဒီလို ရထားလမ်းချော်ပြီး သေဆုံးဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒြာမိုဒီက ၀မ်းနည်းကြောင်း တွစ်တာကနေ ပြောခဲ့ပါတယ်။ 

အိန္ဒိယ ရထားပို့ဆောင်ရေးဝန်ကြီးကလည်း သေဆုံးသူ ၁ ဦးကို အမေရိကန်ဒေါ်လာ ၇ ထောင်ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၁ ဦးကို ဒေါ်လာ ၁,၅၀၀ နီးပါး လျော်ကြေးငွေ ပေးအပ်သွားမယ်လို့ ကြေညာပါတယ်။ 

ရထားလမ်းချော်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် ဒေသခံမီဒီယာက ရထားလမ်းပျက်စီးမှုကြောင့် လမ်းချော်တာ ဖြစ်နိုင်တယ်လို့ ပြောကြားပါတယ်။

DVB

0 comments:

Post a Comment