Sunday, February 3, 2019

ချီးကျူးဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်အဖြစ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ရွေးချယ်


နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ချင်းလူမျိုးများအနက်မှ ချီးကျူးဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်အဖြစ် ချင်းမျိုးနွယ်စုလူမှုရေးအသင်း ၁၉ သင်းက ရွေးချယ်ခဲ့ကြောင်း ချင်းလူမှုရေးအသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးပီတာငွန်ဇာကျုံးက ပြောကြားသည်။ 
“တစ်နှစ်မှာ လူတစ်ယောက် ချင်းအရေးနဲ့ ပတ်သက်ပြီး ချင်းလူမျိုးထဲက ချီးကျူးဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဆုပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ကို အစည်းအဝေးဆုံးဖြတ်ချက်အရ ရွေးထားတာပါ”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါရွေးချယ်မှုအတွက် ဂုဏ်ပြုလွှာပေးအပ်ခြင်းကို ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ 

ဒုသမ္မတဦးဟင်နရီဗန်ထီးယူသည် ချင်းလူမျိုးထဲတွင် ပထမဆုံးအဖြစ် ဒုသမ္မတအဖြစ် ရောက်ရှိခဲ့သူဖြစ်သည့်အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ချင်းလူမျိုးထဲမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးငါးဘာသာ ခြောက်ဘာသာအထိ ရရှိခဲ့သူများကို ဆုချီးမြှင့်ထောက်ပံမှုများပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ ရွေးချယ်မှုအပြီး လာမယ့်နှစ်များတွင်လည်း ဆက်တိုက်ရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 

“စွမ်းဆောင်ရည်ရှိတဲ့သူကို ရွေးချယ်တာ မဟုတ်ဘဲနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူကို ရွေးချယ်တာနေမှာပါ။ စွမ်းဆောင်ရည်ရှိတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်တယ် ဆိုရင်တော့ သူပါချင်မှ ပါပါလိမ့်မယ်လို့တော့ ယူဆတယ်။ သူ့ရာထူးအနေနဲ့ အကြီးကြီးဖြစ်တဲ့ အခါကျတော့ ရွေးချယ်တာဖြစ်မယ်လို့ ယူဆတယ်။ ဒါကတော့ ပေးတဲ့အဖွဲ့အစည်းရဲ့သဘောထားဆိုတော့ဘာမှပြောစရာ မရှိပေမယ့် စွမ်းဆောင်ရည်အခြေခံတာ မဟုတ်လောက်ဘူးလို့တော့ မြင်ပါတယ်”ဟု ချင်းတောင် သဘာဝသယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာ ဦးလျန်ခန့်တွောင်က သုံးသပ်ပြောဆိုသည်။ 

ဓာတ်ပုံ- ငြိမ်းသူမင်း
The Voice

0 comments:

Post a Comment