Tuesday, February 26, 2019

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုပြင်ရမည့် အရာများ အများကြီးရှိသကဲ့သို့ ပြောင်းလဲရမည့် အရာများလည်းအများကြီးရှိနေ


ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်ကဟု ဖြစ်လာစေရန် စံနမူနာပြဖြစ်စေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လိုကြောင်း၊ ပြုပြင်ရမည့် အရာများ အများကြီးရှိနေသကဲ့သို့ ပြောင်းလဲရမည့် အရာများလည်း အများကြီးရှိကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူက ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောသည်။ 
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ထို့အတူ အသွင်သဏ္ဍာန်ပြောင်းလဲရေးနှင့် အနှစ်သာရပြောင်းလဲရေးကို ဟန်ချက်ညီညီ သွားလို ကြောင်း၊ တကယ်လုပ်နိုင်ကိုင်နိုင်မည့် ကိစ္စရပ်များကို ဦးစားပေးပြီး ထိရောက်အောင် ဆောင်ရွက်လိုကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့်လည်း အပိုင်းလိုက်ခွဲခြားပြီး စနစ်တကျ ပြောင်းလိုသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ 
လက်ရှိအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို မိမိတို့ ဝန်ကြီးဌာန အောက် ရွှေ့ပြောင်း လိုက်ပြီးသည့်နောက် အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ရေးကာလ အဖြစ် ၂၀၁၉ ခုနှစ် ပထမ သုံးလတာကာလကို သတ်မှတ်ဆောင်ရွက်လျက်ရှိ သည်။ 
ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ် က ဆိုသည်ကို လက်တွေ့ဖြစ်လာစေရန် မည်သည့် နေရာက စပြီးပြုပြင်ရမည်၊ နောက်ထပ် မည်သည့် လုပ်ငန်းစဉ်များကို ဆက်တိုက် လုပ်ဆောင်ကြမည်၊ တစ်ချိန်တည်းမှာ မည်သည့်အရာများကို လုပ်ဆောင်ရမည် ဆိုသည်ကိုလည်း ဖော်ထုတ်ကြရမည်ဖြစ်သည်။ 
အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် အစိုးရများ မည်သို့ပင် ပြောင်းပြောင်း၊ နိုင်ငံရေးစနစ်များ မည်သို့ပင် ပြောင်းပြောင်း နိုင်ငံတော်၏ အုပ်ချုပ်ရေး ကျောရိုး မဏ္ဍိုင်ကြီးအဖြစ် ခိုင်မာသည့် အဖွဲ့အစည်း တစ်ရပ်အနေဖြင့် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီးဖြစ်သည်။ 
သို့သော်လည်း နိုင်ငံတော်က ချမှတ်ထားသည့် အချက် ၁၂ ချက်တွင် ပါဝင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မူဝါဒနှင့် လုပ်ငန်းစဉ်များ၏ ပထမဆုံးအချက်အဖြစ် ဖော်ပြထားသည်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းဆိုသော လောကပါလတရားများကို ရရှိစေပြီး အခွင့်အရေး သာတူညီမျှဖြစ်သော ဝါဒရေးရာအရ ဖြူစင်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။ 
ထို့အတွက်ကြောင့် ဆက်ပြီး လျှောက်လှမ်းရမည်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်သည့်အတွက် နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုများကို စံနမူနာပြ ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်သူလူထုကို မျက်နှာမူ သည့် အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ရပ် ဖြစ်လာရန် ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားခဲ့သည်။ 

The Ladies News

0 comments:

Post a Comment