Sunday, February 3, 2019

ကားပါကင်ကိစ္စ အချင်းများရာမှ ပရဟိတဆေးခန်း ဆရာဝန် လူသတ်မှုဖြစ်

ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာနှင့် မီလီယာဟိုတယ်ကြားတွင် ဖေဖော်ဝါရီလ ၃ ရက် နံနက် ၁ နာရီက ကားပါကင်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ လူသေဆုံးခဲ့သောကြောင့် ပရဟိတဆေးခန်း ဆရာဝန် ကို လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခံရသူမှာ တာမွေမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်နေ့က အသက် ၃၉ နှစ် အမျိုးသားတစ်ဦးနှင့် ကားပါကင်ကိစ္စဖြင့် စကားများ ရန်ဖြစ်ပြီး လက်သီးဖြင့် အပြန်အလှန် ထိုးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

“လက်သီးနဲ့ အပြန်အလှန်ထိုးကြရာက သေဆုံးသူက လဲကျသွားချိန်မှာ သမံတလင်းနှင့် ဦးခေါင်း ဆောင့်မိတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားတာပါ။ သေဆုံးသူက ကမ္ဘာလှည့်ခရီးသွားက ယာဉ်မောင်း၊ လူသတ်မှုနဲ့ အရေးယူခံရသူက ပရဟိတဆေးခန်းက ဆရာဝန်၊ တရားခံကို ဖမ်းဆီးအရေးယူထားပါတယ်” ဟု ရဲအရာရှိက ပြောသည်။ 

သေဆုံးသူမှာ ဘယ်ပါးဖူးရောင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်၍ အသက် ၃၃ နှစ် ဆရာဝန် အမျိုးသားကို ဗဟန်းမြို့မ ရဲစခန်းက (ပ) ၆၆။၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment