Sunday, February 3, 2019

ဘုန်းကြီးလမ်းတွင် ချစ်သူနှင့်တွဲလာသော အမျိုးသမီးကို ရည်းစားဟောင်းဖြစ်သူ ဓားဖြင့်ဆင့်ထိုး

လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတွင် ဖေဖော်ဝါရီလ ၂ ရက် နံနက် ၈ နာရီခွဲဝန်းကျင်က ချစ်သူနှင့်တွဲလာသော အမျိုးသမီးကို အသက် ၂၂ နှစ် အရွယ် အမျိုးသမီးကို ရည်းစားဟောင်းဖြစ်သူ အမျိုးသားက ဓားဖြင့် ဆင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။ 
ဓားဖြင့်ထိုးခံရသူ အမျိုးသမီးမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်နေ့က ၎င်း၏ ချစ်သူ အမျိုးသားနှင့်အတူ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းသို့ လာရောက်စဉ် ယခင်ရည်းစားဟောင်းဖြစ်သူ အသက် ၃၅ နှစ် အမျိုးသားက ဓားဖြင့်ဆင့်ထိုးခဲ့ကြောင်း ရဲအရာရှိထံမှ သိရသည်။ 

“ဓားထိုးမှု ကျူးလွန်သူနဲ့ ဓားထိုးခံရတဲ့ အမျိုးသမီးက အရင်က သမီးရည်းစားတွေ ဖြစ်ခဲ့ကြတယ်လို့ စုံစမ်း သိရှိရတယ်။ ပြီးတော့ ပြစ်မှုကျူးလွန်သူက ကောင်မလေးရဲ့ အိမ်က တက္ကစီကားကို ယူမောင်းတာ လွန်ခဲ့တဲ့ ငါးရက်လောက်က ကားပြန်သိမ်းလိုက်လို့ မကျေမနပ်ဖြစ်ပြီး ဓားနဲ့ထိုးသွားတာလို့လည်း စုံစမ်း သိရှိရတယ်။ လက်တလော တရားခံကို မမိသေးတော့ ဖြစ်စဉ်အသေးစိတ်ကို သေချာမသိရသေးဘူး” ဟု ရဲအရာရှိက ပြောသည်။ 

ဓားဖြင့်ထိုးခံရသည့် အမျိုးသမီးမှာ ရင်အုံထိုးသွင်းဒဏ်ရာ သုံးချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ရင်ညွန့် ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် လက်နှစ်ဖက်တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ထားရသောကြောင့် ပြစ်မှုကျူးလွန်သည့် အမျိုးသားကို လမ်းမတော်မြို့မ ရဲစခန်းကရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment