Sunday, February 3, 2019

အစိုးရ၊ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရေး SSPP က စာပို့တောင်းဆို

အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရေး ဖေဖော်ဝါရီ ၁ ရက်က စာပို့တောင်းဆိုထား ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကပြောသည်။ 
ဆွေးနွေးပွဲရက် သတ်မှတ်နိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC)၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန် SSPP ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်ဆိုင် ဦးဆောင်သည့်အဖွဲ့ သွားရောက်တွေ့ဆုံမည်ဟု ၎င်းကဆိုသည်။ 

‘‘တပ်မတော်က ထုတ်ထား တဲ့အတိုင်းပေါ့။ NRPC နဲ့လည်း တွေ့မယ်။ တပ်မတော်ကိုယ်စား လှယ်နဲ့လည်း တွေ့မယ်ပေါ့လေ။ အဓိကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးရယ်၊ ဒေသဖွံ့ဖြိုးရေးရယ်၊ ယုံကြည်မှုတည်ဆောက်ရေးရယ် ဒီလောက်ပါပဲ’’ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်ကပြောသည်။ 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ် ထိုးရေး SSPP ၏ သဘောထားကို မေးမြန်းရာ အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးပြီးမှသာ ပြောကြားနိုင်မည်ဟု ၎င်းကဆို သည်။ 

‘‘အဓိက ဖြစ်ချင်တာတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကို ဘယ်လိုရှေ့ဆက်ပြီး လုပ်ကြမလဲဒီလောက်ပါပဲ’’ ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်ကပြောသည်။ 

SSPP သည် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ဖြစ်သည်။ SSPPသည် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်လည်းဖြစ်သည်။ FPNCC အဖွဲ့ဝင်များသည် SSPP၊ ‘၀’အဖွဲ့(UWSA)၊ ကချင်အဖွဲ့ (KIO/KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA)တို့ဖြစ်သည်။ 

တပ်မတော်က ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ များ ဆွေးနွေးရန်ဆိုကာ တိုင်းစစ်ဌာနချုပ် ငါးခုနယ်မြေတွင် စစ်ရေးလှုပ်ရှားမှု အားလုံးရပ်ဆိုင်းပြီးနောက် တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးရေး ညှိနှိုင်းမှုများ ရှိသော်လည်း တစ်လခွဲခန့် ကြာသည်အထိ ဆွေးနွေးပွဲများ မပေါ်ပေါက်လာသေး ပေ။ 

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့အချို့အကြား ဆွေးနွေးပွဲများ ကျင်းပနိုင်မည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် အစိုးရဆွေးနွေးရေးကိုယ်စားလှယ်အချို့ထံ ဖေဖော်ဝါရီ ၃ရက်က ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

7Day

0 comments:

Post a Comment