အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် တို့ အပါအဝင် ထင်ရှားတဲ့ ဒီမိုကရက်တွေနဲ့ သမ္မတ ထရမ့်အပေါ် ဝေဖန်သူတွေကို စာတိုက်ကနေ ဖောက်ခွဲရေးပစ္စည်းတွေ ပို့ခဲ့တဲ့ တရားခံ ဆီဇာ ဆေယော့ကို သြဂုတ် ၅ ရက်နေ့က ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
အသက် ၅၇ နှစ်အရွယ် ဆီဇာ ဆေယော့ဟာ ပျက်စီးမှုအများအပြား ဖြစ်စေတဲ့ လက်နက်တွေ အသုံးပြုတာနဲ့ တခြားပြစ်မှုတွေကို ကျူးလွန်တယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လတုန်းက ဝန်ခံထားပါတယ်။
အမေရိကန် ခရိုင်တရားသူကြီး ဂျက်ဒ် ရက်ကော့ဖ်က ပြစ်ဒဏ်ကို ဖတ်ကြားချိန်မှာတော့ ဆေယော့ဟာ ငိုကြွေးခဲ့ပါတယ်။
ပြစ်ဒဏ်မဖတ်ပြခင် ဆေယော့ဟာ သူ့လုပ်ရပ်အတွက် အင်မတန် နောင်တရတယ်လို့ ပြောခဲ့ပါတယ်။
ဆေယော့ဟာ ဖောက်ခွဲရေးပစ္စည်းတွေ၊ ဝိုင်ယာတွေနဲ့ နှိုးစက်နာရီတွေ ထည့်ထားတဲ့ ပိုက်တွေ ပါဝင်တဲ့ အထုပ်တွေကို စာတိုက်ကနေ နေရာ ၁၆ ခုကို ပေးပို့ခဲ့ပါတယ်။ အဲဒီအထုပ်တွေ အကုန်လုံးကို ကြားဖြတ်ဟန့်တားနိုင်ပြီး ပေါက်ကွဲမှု မဖြစ်ခဲ့ပါဘူး။
စုံစမ်းရေးမှူး အစီရင်ခံစာထဲမှာ ဆေယော့ပေးပို့တဲ့ ပစ္စည်းတွေက ပေါက်ကွဲမှုဖြစ်စေတဲ့ ဗုံးတွေလို မလုပ်ဆောင်နိုင်ဘူးဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။
DVB






0 comments:
Post a Comment