Thursday, August 1, 2019

မြန်မာနိုင်ငံတွင် ကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးနှုန်း လျော့နည်းလာပြီး အတွင်းလူနာ သေဆုံးမှု စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းလာ

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လူနာအချို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဉ်
မြန်မာနိုင်ငံတွင် ကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးနှုန်းများ လျော့နည်းလာပြီး အတွင်းလူနာ သေဆုံးမှုစုစုပေါင်း၏ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သုံးနှစ်တာအတွင်း ပြောင်းလဲတိုးတက်မှုအခြေအနေမှတ်တမ်းများအရ သိရသည်။

ကူးစက်တတ်သော ရောဂါများကြောင့် ၂၀၁၂ ခုနှစ်တွင် ဆေးရုံတက်ရောက် ကုသသူများမှာ အတွင်းလူနာ စုစုပေါင်း၏ ၁၇ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၆ ဒသမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းလာသည်ကို တွေ့ရှိရပြီး အများစုမှာ ဝမ်းပျက်ဝမ်းလျော ရောဂါများကြောင့် ဖြစ်ကြောင်းနှင့် ကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးမှုနှုန်းမှာလည်း၂၀၁၂ ခုနှစ်တွင် အတွင်းလူနာ သေဆုံးမှု စုစုပေါင်း၏ ၂၂ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းသို့ ကျဆင်းလာကြောင်းနှင့် ထိုအကျိုးဆက်များသည် ကျန်းမာရေးဝန်ဆောင်မှု ကောင်းလာသည်ကို ဖော်ညွှန်းနေသော လက္ခဏာဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာက ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားသေဆုံးနှုန်းက နှစ်အလိုက် တဖြည်းဖြည်း လျော့နည်းလာတာကို တွေ့ရပေမယ့် မကူးစက်တတ်တဲ့ ရောဂါတွေကတော့  ဖြစ်ပွားသေဆုံးနှုန်း မြင့်မားနေပါတယ်။ မကူးစက်တတ်တဲ့ ရောဂါကြောင့် သေဆုံးမှုတွေကို ကြည့်ရင် ၂၀၁၄ ခုနှစ်မှာ ၄၈ ရာခိုင်နှုန်းကနေ ၂၀၁၇ ခုနှစ်မှာ ၅၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ မကူးစက်တတ်တ ရောဂါတွေအနက် နှလုံးသွေးကြောရောဂါတွေက ဖြစ်ပွားသေဆုံးမှု အများဆုံးဖြစ်ပြီး ကင်ဆာရောဂါကတော့ ဒုတိယ အများဆုံးဖြစ်ပါတယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၇ ခုနှစ်တွင် နှလုံးသွေးကြောတွင် ဖြစ်ပွားသည့် ရောဂါများအနက် သွေးတိုးရောဂါကြောင့် ဆေးရုံတက်ရောက်ရခြင်းမှာ အများဆုံးဖြစ်ပြီး၂၃ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ နှလုံးအလုပ် မလုပ်နိုင်ခြင်း (၁၄ ရာခိုင်နှုန်း)နှင့် လေဖြတ်ခြင်း (၁၁ ဒသမ ၇ ရာခိုင်နှုန်း) ရှိသည်ကို တွေ့ရှိရကြောင်းနှင့် သေဆုံးမှုတွင် လေဖြတ်ခြင်း (၁၄ ဒသမ ၇ ရာခိုင်နှုန်း)၊ ဦးနှောက်အတွင်း သွေးယိုစိမ့်ခြင်း (၁၀ ဒသမ ၉ ရာခိုင်နှုန်း) တို့ဖြင့် သေဆုံးမှုမှာလည်း  များပြားသည်ကို တွေ့ရှိရကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွား သေဆုံးမှု၏ ရာခိုင်နှုန်း ၆၀ ခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံတွင်  ကူးစက်ရောဂါများ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကိုသာမက မကူးစက်နိုင်သော ရောဂါများ ကာကွယ်ကုသရေး လုပ်ငန်းများကိုပါ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်နေကြောင်း အကြံပြုထားသည်။
မကူးစက်နိုင်သော ရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်း သေဆုံးလျက်ရှိပြီး တစ်ကမ္ဘာလုံး သေဆုံးမှု၏ ၇၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယင်းတို့အနက် အသက် ၃၀ မှ ၆၉ နှစ်ကြား လူဦးရေ ၁၅ သန်း နှစ်စဉ် သေဆုံးလျက်ရှိပြီး ထိုသို့ အရွယ်မတိုင်မီ သေဆုံးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်းပါးသည့်   ဖွံ့ဖြိုးဆဲ နိုင်ငံများမှဖြစ်ကြောင်းနှင့်  အဓိက သေဆုံးရသည့် အကြောင်းရင်းများမှာ နှလုံး နှင့် သွေးကြောရောဂါများ၊ ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါနှင့် ဆီးချိုရောဂါ စသည်တို့ကြောင့် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မကူးစက်တတ်သော ရောဂါများ ဖြစ်စေနိုင်သည့် အဓိကအကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရန် သီးသန့်စီမံချက် တစ်ခု ဖွဲ့စည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment