Thursday, August 1, 2019

ဒေါက်တာနန္ဒာလှမြင့် ဖမ်းဆီးခံရဟူသော သတင်းမှားဖြန့်ဝေသူအား တရားစွဲဆိုမည်

ပြည်ခိုင်ဖြိုးပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်အား ၎င်းနေထိုင်သော ကလောမြို့နေအိမ်တွင် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း ဟူသည့်သတင်းမှားများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်း မှားများ ဖြန့်ဝေသူများကို တရားစွဲဆိုသွားမည်ဟု ကာယကံရှင်ဖြစ်သူ ဒေါက်တာနန္ဒာလှမြင့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။

နိုင်ငံတော် အကြွေးကျန်ငွေများအား သတ်မှတ်ချိန်ကျော်လွန်သည်အထိပြန်လည်မပေးဆပ်ဘဲ တိမ်းရှောင်နေသော ပြည်ခိုင်ဖြိုးပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်အား ၎င်းနေထိုင်သောကလောမြို့နေအိမ်တွင် ဇူလိုင် ၃၁ ရက်နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်းဟူသော သတင်းများသည် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သောကြောင့် ၎င်းကယင်းသို့ တုံ့ပြန်ရေးသားခဲ့ခြင်းဖြစ်သည်။
မိမိအနေဖြင့် ငယ်စဉ်ကာလမှ ယခုအချိန်အထိ ဘ၀တစ်လျှောက်လုံးနိုင်ငံပိုင်ငွေကြေးမဆိုထားနှင့် မည်သည့်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ငွေကြေးကိုမျှ အလွဲသုံးစား ပြုထားခြင်းမရှိပါ။အခြားသူတစ်ဦးတစ်ယောက် နစ်နာစေရန်လည်း လုပ်ဆောင်ခဲ့ခြင်းမရှိပါ။ မိမိတွင် ရိုးသားစွာဘ၀ကို ဖြတ်သန်းနေသောမိဘများရှိပါသည်။ မိသားစုများသည်လည်း ရိုးရှင်းစွာ ဘ၀ကို ဖြတ်သန်းနေသူများဖြစ်ပါသည်။ မိမိအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအားအုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ထမ်းဆောင်နိုင်ရေးရည်သန်၍ ယုံကြည်ရာနိုင်ငံရေးပါတီကြီးတွင် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပါသည်။ မူဝါဒရေးရာနှင့် ရပ်တည်သည့် အဖွဲ့အစည်းကွဲပြားမှု အပေါ် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်အချင်းချင်း အင်မတန်ဆိုးရွားစွာဖြင့်ကိုယ်ချင်းစာတရားမဲ့စွာ ဆောင်ရွက်မှုကိုတွေ့မြင်ရသည်မှာ လွန်စွာစိတ်မကောင်းဖြစ်ရပါသည်။ မိဘဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီးနှင့်သားအတွက်လည်း အားနာစိတ်မကောင်းဖြစ်ရပါသည်ဟု ဒေါက်တာနန္ဒာလှမြင့်က ရေးသားထားသည်။
ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံ ထားသည့် သတင်းတုများဖြင့် မိမိ၏ဂုဏ်သိက္ခာကျဆင်းစေရန်၊ မိမိ၏မိသားစု ပုံရိပ်ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်သူများအား များစွာစက်ဆုပ်မိကြောင်း၊ မိမိသည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်း၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအရ မိမိ၏ဂုဏ်သိက္ခာအားကာကွယ်ရန်အတွက် သတင်းအတုဖန်တီးလုပ်ကြံဖြန့်ဝေသူများအား တည်ဆဲဥပဒေများနှင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
သတင်း - စည်သူဟိန်း
The Standard Time Daily

0 comments:

Post a Comment