Sunday, August 2, 2020

ရန်ကုန်မြို့အဝင် ဆိုင်းဘုတ်တွင် စာသားသုံးစွဲမှု မှားယွင်းနေတယ်လို့ မြန်မာစာ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) ပြော

ရန်ကုန်မြို့အဝင်ဆိုင်းဘုတ်တွင် စာသားသုံးစွဲမှု မှားယွင်းနေတယ်လို့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ (ငြိမ်း)မြန်မာစာ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)က နိုင်ငံတော်ပိုင် သတင်းစာတွင် ဆောင်းပါးရေးသားဖော်ပြထားပါတယ်။
အဆိုပါ ရန်ကုန်မြို့အဝင် ဆိုင်းဘုတ်ကြီးတွင် “ရန်ကုန်မြို့ မှ ကြိုဆိုပါ၏”ဟုဖော်ပြထားခြင်းဖြစ်ပြီး ယင်းဆိုင်းဘုတ် “မှ” သည် ထွက်ခွာရာပြကို ဆိုလိုသည့် အတွက် အရေးမှန်မှာ ရန်ကုန်မြို့က ကြိုဆိုပါ၏ ဖြစ်ရမယ်လို့ ဆရာကြီးက ဆိုပါတယ်။
နိုင်ငံတော်ပိုင် သတင်းစာတွင် ဖော်ပြထားသည့် ဆရာကြီး၏ဆောင်းပါးတွင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ)က “ ပြောရရင်တော့ ၁၉၆၅ ခုလောက်က စမှား တာပေါ့ကွယ်။ သမီးတောင်မွေးအုံးမှာ မဟုတ်သေး ဘူး။ အဲဒီတုန်းက အစိုးရနဲ့ တောတွင်းက ပုဂ္ဂိုလ် တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တယ်။ ‌‌တောတွင်းကလာတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားတွေကို မြန်မာ့အသံကလွှင့်တော့ ‘ဗိုလ်ဘယ်သူမှ ပြောပါ သည်’၊ ‘ရဲဘော်ဘယ်သူမှ ပြောပါသည်’ ဆိုပြီး ‘မှ’ တွေသုံးတာ ပလူပျံနေတာပဲ။ သူတို့ရေးတဲ့ စာတွေ မှာလဲ ပြုလုပ်တဲ့သူကို ‘က’ မသုံးဘဲ ‘မှ’ တွေချည်း သုံးတာ။ အဲဒီစာတွေလဲ သင်ခန်းစာထဲ မှာ ပါတာကိုး။ လိုရင်းပြောရရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်သွားပြီး သူတို့သာ တောထဲ ပြန်သွားတယ်။ သူတို့သုံးခဲ့တဲ့ ‘မှ’ တွေကို ထားပစ် ခဲ့တယ်ထင်ပါရဲ့။ အဲဒီအချိန်ကစပြီး သတင်းစာ တွေ၊ စာအုပ်စာတမ်းတွေမှာ ‘က’ နေရာမှာ ‘မှ’ တွေ အလုံးအရင်းနဲ့ ဝင်လာတော့တာပဲကွယ်” လို့ ဆိုထားပါတယ်။
ဆရာကြီးက “ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ’ဆိုတာမျိုးသုံးရင်မှန်တာပေါ့။ ဒါတောင်‘မှ’ကို စာစကားအနေနဲ့ပဲ သုံးလို့ရတာလေ။ ‘ရန်ကုန်မြို့ မှထွက်ခွာပါတယ်’ လို့သုံးရင် အပြောစကားထဲ မှာ ‘မှ’ ကြီးဝင်နေလို့ ကန့်လန့်ဖြစ်နေတာပေါ့။ အပြောစကားမှာလဲ ‘ရန်ကုန်မြို့က ထွက်ခွာခဲ့ပါ တယ်’လို့ သုံးရတယ်။ ‘က’ က စာသုံးရော၊ အပြောသုံးရော ရတယ်။ ‘မှ’ က စာသုံးပဲရတယ်။ အပြောသုံးမရဘူး။ ပြီးတော့ ထွက်ခွာတဲ့ အဓိပ္ပာယ်ပဲရတယ်။ ပြုလုပ်တဲ့ အဓိပ္ပာယ်မရဘူး။ ဘဘကတော့ အစမှာပြောသလို မနေနိုင် လို့ ပြောရတာလေ။
နောက်ထပ်ဆိုင်းဘုတ်တွေ ခံ့ခံ့ညားညား လုပ်အုံးမှာလို့ဆိုတော့ မြို့အထွက် ဆိုင်းဘုတ်ကိုလဲ ‘ရန်ကုန်မြို့က နှုတ်ဆက်ပါ၏’ လို့ ရေးမှမှန်မယ်ဆိုတာကိုပါ ကြိုကြိုတင်တင် ပြောပြတဲ့ သဘောပေါ့ကွယ်” လို့ ဖော်ပြထားပါတယ်။
Ref ; MyanmaPlatform

0 comments:

Post a Comment