အခြေခံပညာကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိအောင် ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပေးနေတယ်လို့ အခြေခံပညာဦးစီးဌာနကနေသိရပါတယ်။
ကျောင်းသား/ကျောင်းသူတွေ ၊ ဆရာ/ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ရောဂါသံသယလက္ခဏာရှိ၊မရှိ စစ်ဆေးပြီး သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွေကို တိုက်ရိုက်ပေးပို့တင်ပြရတာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
“အခုဖွင့်နေတဲ့ကျောင်းတွေအားလုံး ကိုယ့်ကျောင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ တစ်ဦးချင်းအ ခြေအနေကို စိစစ်ပြီးတော့ သာမန်ဖျားနာတာလား ၊ သံသယဖြစ်တာလားဆိုတာ သိရအောင် ကျောင်းတွေကတော့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကို တိုက်ရိုက်တင်ပြရပါတယ်။”လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။
လက်ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၄၀၀၀ နီးပါးမှာ ကျောင်းသားပေါင်း ၁၁ သိန်းတက်ရောက်နေပြီး ကျန်းမာရေးစစ်ဆေးမှုတွေအရ တစ်နေ့ကို ကျောင်းသားတစ်ဦး၊နှစ်ဦးခန့် ဖျားနာတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ ကျောင်းသား ၁၁ သိန်းမှာ တစ်ဦးမှမဖျားဘူးဆိုတာတော့မရှိပါဘူး။တစ်ယောက်စ၊နှစ်ယောက်စတော့ ဖျားတာမျိုးတွေ ရှိပါတယ်။ မနေ့ကဆိုရင် ကိုယ်ပိုင်အထက်တန်းကျောင်းက ကလေးတစ်ဦးဖျားပါတယ်။ စစ်လိုက်တော့ သာမန်ဖျားတာမျိုးပဲရှိတယ်။ အခုချိန်ထိတော့ သံသယလက္ခဏာရှိတဲ့ ကျောင်းသားတစ်ဦးမှ မရှိသေးပါဘူး” လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
လတ်တလော ကျောင်းဖွင့်ကာလ မိုးရာသီမှာဆိုရင် တုပ်ကွေးရောဂါတွေ ဖြစ်ပွားတတ်တာကြောင့် ကျောင်း သားကျောင်းသူတွေမှာ တုပ်ကွေးရောဂါဖြစ်ပွားတယ်ဆိုပါကလည်း ကျောင်းမလာဖို့လည်း ညွန်ကြားထားပြီးဖြစ်တယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
“ ဒီရာသီက တုပ်ကွေးရာသီဆိုတော့ ကလေးတွေက တုပ်ကွေးဖြစ်တတ်တယ်။ ။ဖျားတယ်ဆိုတာနဲ့ ကိုဗစ်ဆိုပြီး ကြောက်လန့်ကုန်မှာစိုးရိမ်လို့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားတာနာတာရှိခဲ့ရင် ကျောင်းမလာဖို့ ညွန်ကြားထားတာပါ” လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။
ဒါ့အပြင်လက် ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ရုတ်တရက် ဖျားနာတာရှိခဲ့ရင် သီးခြားထားရှိကုသနိုင်အောင် ကျောင်းတိုင်းမှာ အရေးပေါ်ခန်း တစ်ခန်းစီ ပြင်ဆင်ထားရတာလည်းဖြစ်ပါတယ်။
ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေ မရှိအောင် ရောဂါကာကွယ်ရေး စံချိန်စံညွန်းနဲ့ ပြည့်မီမှု အဆင့်သတ်မှတ်ချက် (A) အဆင့်ရထားတဲ့ ကျောင်းတွေကိုသာဖွင့်လှစ်ခွင့်ပြုထားတာပါ။
ပြန်ဖွင့်ခွင့်ရတဲ့ကျောင်းတွေအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကြီးကြပ်တဲ့အဖွဲ့ဖွဲ့စည်းကာ နေ့စဉ် ဆောင်ရွက်မှုတွေကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေကို တင်ပြရတာဖြစ်တယ်လို့လည်းသိရပါတယ်။
Ref ; Duwun
0 comments:
Post a Comment