Sunday, August 2, 2020

တောင်ကိုရီးယားနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်မှုများနှင့် ဆက်နွှယ်ခဲ့သည့် တရားဟောဆရာတစ်ဦးအား အာဏာပိုင်များဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် ဆက်နွှယ်ခဲ့သည့် တရားဟောဆရာတစ်ဦးအား အာဏာပိုင်များက မနေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အသက် ၈၈ နှစ်အရွယ် ခရစ်ယာန် တရားဟောဆရာ လီမန်ဟီသည် မတ်လ အတွင်းက ရှင်ချွန်ဂျီ ခရစ်ယာန်ဘုရားကျောင်း ၌ ခရစ်ယာန်ဘာသာဝင်များနှင့်အတူ ဝတ်ပြု ဆုတောင်းခဲ့ရာမှ အစုလိုက်အပြုံလိုက် ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဝတ်ပြုဆုတောင်းပွဲပြီးနောက် ဝတ်ပြု ဆုတောင်းသူ ၅၀၀၀ ကျော်တွင် ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ အရေအတွက်သည် နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လက်ရှိအချိန်အထိ နိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၃၃၆ ဦးရှိပြီး သေဆုံးသူ ၃၀၀ ရှိသည်။
လီမန်ဟီသည် ဝတ်ပြုဆုတောင်းသူများ ဗိုင်းရပ်စ်ကူးစက်ခံထားရသည် ဆိုသည့် သတင်းများကို ထိန်ချန်ခြင်းနှင့် ဗိုင်းရပ်စ် ကာကွယ်ရေးစည်းမျဉ်းကို ချိုးဖောက်ကာ လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခဲ့ခြင်းတို့ကြောင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လီမန်ဟီ၏အဖွဲ့ဝင် ခရစ်ယာန်ဘာသာဝင်များသည် ရှင်ချွန်ဂျီ ခရစ်ယာန်ဘုရားကျောင်း၌ ဝတ်ပြုဆုတောင်းခဲ့ပြီး နိုင်ငံအနှံ့အပြားသို့ သွားလာခဲ့သည့်အတွက် ဗိုင်းရပ်စ်ကူးစက်မှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များကဆိုသည်။
လီမန်ဟီက ၎င်းဦးဆောင်ခဲ့သည့် ဝတ်ပြု ဆုတောင်းပွဲတွင် ခရစ်ယာန်ဘာသာဝင် အများအပြား ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်မိပါကြောင်း တောင်းပန်စကား ဆိုခဲ့သည်။
ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်း မဟုတ်ခဲ့သော်လည်း ၎င်းကြောင့် ပြည်သူအများအပြား ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်မိပါကြောင်း လီမန်ဟီက ပြောကြားခဲ့သည်။

Ref : BBC

0 comments:

Post a Comment