Monday, August 20, 2018

စိုးမြတ်နန္ဒာက သတင်းစာတွင် ကြေညာချက်ထည့်သူကို ဂုဏ်သိက္ခာကျဆင်းစေမှုဖြင့် သိန်းတစ်သောင်းငါးထောင် နစ်နာကြေးတောင်း


သရုပ်ဆောင်စိုးသူထံမှ ငွေကြေးရရန် ရှိသူဆိုသူက သတင်းစာတွင် ကြေညာချက်ထည့်ရာတွင် ၎င်း၏ အမည်ကိုပါတပ်ကာ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ငွေတောင်းခံလာသည်ဆိုကာ Striking  Thunder  Entertainment ပိုင်ရှင်ကို ဂုဏ်သိက္ခာကျဆင်းစေမှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း သရုပ်ဆောင် စိုးမြတ်နန္ဒာက ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြေညာခဲ့သည်။
ဦးစိုးသူလွင်နှင့် Striking   Thunder  Entertainment ပိုင်ရှင် ဦးကျော်ကျော်ထွန်းတို့၏ ငွေအပေးအယူ ကိစ္စကို စိုးမြတ်နန္ဒာက သိရှိခဲ့ခြင်းမရှိကြောင်းနှင့် ယင်းကိစ္စတွင် ၎င်းပါဝင် ပတ်သက်ထားခြင်း မရှိမှန်းသိပါလျက်နှင့် ၎င်း၏အမည်ကိုတပ်ကာ သတင်းစာမှတစ်ဆင့် ငွေတောင်းခံလာခြင်း၊ ငွေပေးရန် ပျက်ကွက်ကြောင်း ကြေညာခြင်းသည် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ တမင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သရုပ်ဆောင် စိုးမြတ်နန္ဒာကို ဂုဏ်သိက္ခာကျဆင်းစေသော နစ်နာမှုအတွက် ဦးကျော်ကျော်ထွန်းက ငွေကျပ် သိန်းတစ်သောင်းငါးထောင်ကို ကြေညာချက် ပါရှိသည့်နေ့မှစ၍ ၇ ရက်အတွင်း ပေးဆောင်ရန်နှင့် တောင်းဆိုချက်ကို မလိုက်နာပါက တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိခဲ့သည်။ 

သရုပ်ဆောင်၊ တေးသံရှင် စိုးသူကလည်း ကြေညာချက်တစ်ခု ပြုလုပ်ခဲ့ပြီး ဦးကျော်ကျော်ထွန်းသည် Striking Thunder Entertainment အမည်ဖြင့် မန္တလေးမြို့တွင် ကျင်းပခဲ့သော One Night In Mandalay Showကို စီစဉ်ခဲ့သလို ၎င်း၏ ကုန်ကျစရိတ်ဖြင့် အသံသွင်းထားသော “အမြတ်နိုးဆုံး မင်းအကြောင်းလေး” စီးရီးမာစတာခွေအား ဖြန့်ချိခဲ့သူလည်းဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးကျော်ကျော်ထွန်းကနေ၍ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လတွင် ၎င်းလိုအပ်သည့် ငွေကို စာချုပ်စာတမ်းမရှိဘဲ စိုက်ထုတ်ခဲ့ပြီး၊ ၎င်းအားပေးရန်ရှိသည့် အနုပညာကြေးဖြင့် ခုနှိမ်မည်ဟု ပြောခဲ့ကြောင်း၊ အနုပညာလုပ်ငန်းများ လုပ်ဆောင်ပြီးချိန်အထိ ဦးကျော်ကျော်ထွန်းသည် အနုပညာကြေးများမပေးခဲ့ဘဲ ၎င်းရရန်ရှိသော ငွေအား အတိုးနှုန်းများယူကာ ပြန်လည်ပေးဆပ်ရန် ပြောခဲ့ကြောင်း၊ အနုပညာလုပ်ငန်းများကြား စာချုပ်စာတမ်း မချုပ်ဆိုထား၍ ဦးစိုးသူလွင်မှ အနုပညာကြေးရှင်းပေးရန် ပြောသော်လည်း ဦးကျော်ကျော်ထွန်းက လက်မခံခဲ့ကြောင်း စိုးသူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးကျော်ကျော်ထွန်းက ၎င်းစိုက်ထုတ်ထားသည့် ငွေအပေါ် အတိုး၊ အရင်း ပေါင်းပြီး နောက်တွင်မှ ဦးစိုးသူလွင်၏ အနုပညာကြေးကို ခုနှိမ်ပေးရန် မတ်လ ၂၄ ရက်နေ့၊ ၂၀၁၇ ရက်တွင် လာရောက်ညှိနှိုင်းခဲ့ပြီး၊ ငွေကျပ် ၇၅,၇၅၅,၈၀၀ ပေးရန် ပြောကြားလာရာတွင် ဦးစိုးသူလွင်က လေးကြိမ်ခွဲပေးရန် ပထမဆုံးအကြိမ် စာချုပ်ချုပ်ဆိုပေးခဲ့ကြောင်း၊ စာချုပ်အရ နောက်ဆုံးပေးရမည့်ရက်မှာ စက်တင်ဘာလ ၇ ရက်နေ့ဖြစ်ပြီး၊ ယင်းမတိုင်မီ သတင်းစာမှ ကြေညာခြင်းသည် ဂုဏ်သိက္ခာကျဆင်းစေရန် တမင်ဆောင်ရွက်သည့် ကိစ္စဖြစ်သည့်အတွက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စိုးသူ၏ ကြေညာချက်၌ ဖော်ပြပါရှိသည်။

ဩဂုတ်လ ၁၈ ရက်နေ့ထုတ်၊ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင်မူ ဦးကျော်ကျော်ထွန်းဆိုသူက ပြုလုပ်ခဲ့သည့် ကြေညာချက်တွင် စိုးသူနှင့် စိုးမြတ်နန္ဒာတို့မှာ မိတ်ဆွေရင်းသဖွယ် ခင်မင်ရင်းနှီးပြီး၊ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် ကိုစိုးသူပေးရန်ရှိသည့် ကြွေးပူများအတွက် ကူညီစိုက်ထုတ် ရှင်းလင်းပေးခဲ့ရကြောင်း၊ ယင်းငွေများကို သတ်မှတ်ကာလအတွင်း ပြေကျေအောင် ပေးဆပ်နိုင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ပျက်ကွက်နေသဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

ဦးကျော်ကျော်ထွန်းကို ပေးရန်ရှိသည့်ငွေကျပ် ၇၅,၇၅၅,၈၀၀ ကို လေးရစ်ခွဲပေးရန် သဘောတူထားသော်လည်း ပထမအရစ် သိန်း ၂၀၀၊ ဒုတိယအရစ် သိန်း ၂၀၀ ကိုသာ ပေးဆပ်ခဲ့ပြီး၊ တတိယအရစ် ငွေကျပ်သိန်း ၂၀၀ ကို ဇူလိုင်လ ၇ ရက်၊ ၂၀၁၈ ခုနှစ်တွင် ပေးဆပ်ရန် ရှိသော်လည်း ယနေ့တိုင် ပေးဆပ်ခြင်းမရှိသလို၊ ကိုစိုးသူကို ဆက်သွယ်မေးမြန်းရာတွင်လည်း လာရောက်တွေ့ဆုံခြင်း၊ တစ်စုံတစ်ရာ ဆက်သွယ်ပြောကြားခြင်း၊ ငွေပေးဆပ်ခြင်းမရှိသောကြောင့် ယနေ့မှစ၍ ခုနစ်ရက်အတွင်း၊ တတိယအရစ် ငွေကျပ် သိန်း ၂၀၀ ကိုပေးရန်နှင့် စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း ငွေကျပ် ၁၅,၇၅၅,၈၀၀ ကိုပေးရန် ဦးကျော်ကျော်ထွန်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

The Voice

0 comments:

Post a Comment