Monday, August 20, 2018

ရန်ကုန်ဘူတာကြီးတွင် ခရီးသည်များထံမှ ကုန်ထမ်းခ ပိုမိုတောင်းခံသည့်ကိစ္စ မြန်မာ့မီးရထားတွင် တာဝန်ရှိကြောင်း ဝန်ခံ


ရန်ကုန်ဘူတာကြီးတွင် ခရီးသည်များထံမှ ကုန်ထမ်းခ ပိုမိုတောင်းခံသည့်ကိစ္စမှာ မြန်မာ့မီးရထားတွင် တာဝန်ရှိကြောင်း မြန်မာ့မီးရထား၊ သွား/လာ တိုင်းမန်နေဂျာ ဦးဇော်လွင် က သြဂုတ်လ ၁၉ ရက်တွင် မီဒီယာများကို ဝန်ခံပြောကြားလိုက်သည်။

ယခုရက်ပိုင်းတွင် ရန်ကုန်-မန္တလေး မီးရထားကို စီးနင်းလိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးထံမှ နက်ပြာရောင်ဝတ်စုံဝတ် အမျိုးသားခြောက်ဦး က ခရီးဆောင်သေတ္တာများကို ထမ်းပို့ပေးပြီး လုပ်အားခကို အဆမတန် တောင်းခံသဖြင့် တောင်းခံရသူ အမျိုးသမီးက ၄င်း၏လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ ရန်ကုန်မြို့လယ်၌ နေ့ခင်းကြောင်တောင် ဓါးပြတိုက်ခံရခြင်း ” ဟု ခေါင်းစဉ်တပ်ပြီး ပို့စ်ရေးသားခဲ့ခြင်းကြောင့် မြန်မာ့မီးရထားက သြဂုတ်လ ၁၉ ရက်၊ ည ၇ နာရီတွင် သတင်းစာရှင်းလင်းပြီး ဦးဇော်လွင်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
“ မြန်မာ့မီးရထားမှာ ကုန်တင်ကုန်ချလုပ်ဖို့ ပြည်တွင်းကုန်တင်ကုန်ချအဖွဲ့ဆိုတာရှိတယ်။ ကုန်တင်ကုန်ချလုပ်ဖို့ တွန်းလှည်းတွေ ထားပေးထားတယ်။ ဒီလုပ်ငန်းက ရထားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းဖြစ်တယ်။ ဒီကိစ္စဖြစ်သွားတာ ဝန်ထမ်းတွေကြောင့် မဟုတ်ဘူး။ ဂန်ဘားတွေ ဝင်လာလို့ဖြစ်သွားတာ။ သူတို့တွေက တောင်းချင်သလောက်တောင်းတယ်။ ဒါကြောင့် ပြည်တွင်းကုန်တင်ကုန်ချကလွဲလို့ ပစ္စည်းတွေကို ဘယ်သူမှ မကိုင်ရဘူး။ နှုန်းထားကိုလည်း သတ်မှတ်ထားပြီးသား။ ကျွန်တော်တို့မီးရထားမှာ ဒီကိစ္စအတွက် တာဝန်ရှိပါတယ်။ ကျွန်တော်မငြင်းပါဘူး။ အခုအချိန်မှာ ရန်ကုန်-မန္တလေးလမ်းပိုင်း အဆင့်မြှင့်နေတယ်။ ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်နေတယ်။ ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တာတွေ လုပ်နေတော့ ဒီကိစ္စတွေကို ကျွန်တော်တို့ လွတ်သွားတဲ့ သဘောပါ ။ အခုလည်း ဒါတွေကို ကျွန်တော်တို့ ရှင်းနေပါပြီ ” ဟု ဦးဇော်လွင် က ပြောသည်။ 
အဆိုပါဖြစ်စဉ်တွင် ပါဝင်သော အမျိုးသား ခြောက်ဦးရှိပြီး သြဂုတ်လ ၁၉ ရက်၊ နံနက် ၉ နာရီ အချိန်ခန့်တွင် တစ် ဦး၊ ညနေ ၃ နာရီ အချိန်ခန့်တွင် နှစ်ဦး၊ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် တစ်ဦး နှင့် ကျန်တစ်ဦးတို့ကို နာမည်စာရင်း ရရှိထားပြီးဖြစ်ကြောင်း မီးရထားရဲတပ်ဖွဲ့မှ သိရသည်။ှ
 အောင်သူရိန် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment