Thursday, September 27, 2018

ပါပူဝါနယူးဂီနီမှာ လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး ရေကန်ထဲ ထိုးကျ



ပါပူဝါနယူးဂီနီ နိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စင်း ဆင်းသက်စဉ် ပြေးလမ်းကနေ အရှိန်လွန်ထွက်သွားပြီး ရေကန်တစ်ခုထဲ ထိုးကျဆင်းသက်ခဲ့ရကြောင်း ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။ 
ယင်းဖြစ်စဉ်ကတော့ နိုင်ငံရဲ့ ဝေးလံခေါင်းပါးတဲ့ မိုက်ခရိုနီစီယန် ကျွန်းမှာ စက်တင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ 

နိုင်ငံရဲ့ အမျိုးသားလေကြောင်းလိုင်း Air Niugini မှ လေယာဉ်တစ်စင်းဟာ Weno လေဆိပ်ကို ဆင်းသက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် Chuuk ရေကန်ထဲကိုသာ ဆင်းသက်ခဲ့ရတယ်လို့ ပစိဖိတ်နေ့စဉ်သတင်းစာက ဖော်ပြပါတယ်။ 

အဆိုပါ ဖြစ်စဉ်မှာတော့ လေယာဉ်ပေါ်ပါ ခရီးသည် ၃၆ ဦးနဲ့ အမှုထမ်း ၁၁ ဦး စလုံး ပြင်းထန် ထိခိုက်ဒဏ်ရာမျိုး မရခဲ့ဘဲ ဘေးကင်းခဲ့ကြတယ်လို့ လေဆိပ်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂျင်မီ အမ်မလီယိုက ပြောပါတယ်။ 

ဒါပေမယ့်လည်း ၎င်းတို့အားလုံးကို ဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ပေးလျက်ရှိတယ်လို့လည်း ၎င်းက ပြောပါတယ်။ 

ခုလို လေယာဉ် မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားခဲ့ရခြင်းရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ၎င်းက ဆိုပါတယ်။ 

ထွက်ပေါ်လာတဲ့ ရုပ်သံပုံရိပ်တွေအရ ရေကန်ကြီးထဲ တစ်ဝက်တစ်ပျက် နစ်မြုပ်နေတဲ့ လေယာဉ်တစ်စင်းဘေးမှာ ခရီးသည်တွေကို လှေတွေနဲ့ ကူညီခေါ်ထုတ်နေရမှုကို တွေ့မြင်ခဲ့ရပါတယ်။



မဇ္ဈိမ

0 comments:

Post a Comment