Wednesday, September 5, 2018

မြန်မာနဲ့ ပတ်သက်လို့ လုပ်ဆောင်ချက်တွေကို အမေရိကန် လွှတ်တော်မှာ ဖေ့စ်ဘွတ်ခ် တင်ပြ


မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆိုးရွားလာအောင် ဖန်တီးနေတဲ့ Facebook အသုံးပြုသူတွေနဲ့ ပတ်သက်လို့ ဘယ်လို ဘယ်ပုံ ကိုင်တွယ် ဆောင်ရွက်နေသလဲ ဆိုတာကို ကုမ္ပဏီရဲ့ ထိပ်တန်း အရာရှိတစ်ဦးက အမေရိကန် လွှတ်တော်မှာ အစီရင်ခံ တင်ပြသွားခဲ့ပါတယ်။ 
အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ Facebook အကောင့်တွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီက ဘယ်လို စီမံ ဆောင်ရွက်နေသလဲ ဆိုတာကို စက်တင်ဘာ ၅ ရက်က လွှတ်တော် ခန်းမမှာ ကြားနာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်မှာ Facebookရဲ့ အကြီးအကဲ မတ်ခ်ဇူကာဘက်ဂ် တက်ရောက်ခဲ့ခြင်း မရှိဘဲ ကုမ္ပဏီရဲ့ လုပ်ငန်း လည်ပတ်မှု တာဝန်ခံ အရာရှိချုပ် ရှယ်ရီလ် ဆန်းဘာ့ဂ်က လာရောက် ရှင်းလင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ 

ဇူကာဘာ့ဂ်ဟာ မြန်မာနိုင်ငံက အမုန်းစကား ဖြန့်ဝေနေမှု ပြဿနာတွေ အပြင် အချက်အလက် ကျိုးပေါက်မှု၊ သတင်းမှားတွေ ဖြန့်ဝေမှု၊ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှု အစရှိတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဧပြီလတုန်းက လွှတ်တော်မှာ လာရောက် ရှင်းလင်းခဲ့ရဖူးပါတယ်။ 

မကြာသေးခင်ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ Facebookရဲ့ ထင်ရှား မြင်သာတဲ့ ကိုင်တွယ် တုံ့ပြန်မှုအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ စာမျက်နှာအပါအဝင် Facebook စာမျက်နှာနဲ့ အကောင့် တော်တော်များများကို ဖယ်ရှား အရေးယူခဲ့ပါတယ်။ 

Facebookဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ အကောင့်နဲ့ စာမျက်နှာ ၅၈ ခုကို ဖယ်ရှား ပိတ်သိမ်းခဲ့ကြောင်း၊ အဲဒီထဲမှာ သတင်းဌာနတွေအဖြစ် ဟန်ဆောင် ရပ်တည်ပြီး အန္တရာယ်ရှိတဲ့ သတင်းမှားတွေ ဖြန့်ဝေနေတဲ့ စာမျက်နှာတွေလည်း ပါဝင်ခဲ့ကြောင်း ဆန်းဘာ့ဂ်က လွှတ်တော် တာဝန်ရှိသူတွေကို ပြောကြားသွားပါတယ်။ ဒါ့အပြင် အီရန်နဲ့ ရုရှားက Facebook အသုံးပြုသူ တချို့ရဲ့ အကောင့်တွေကိုပါ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ Facebookကို အသုံးချပြီး ပဋိပက္ခကို နှိုးဆော်တဲ့သတင်းမှားတွေ၊ အမုန်းစကားတွေ ဖြန့်ဝေမှုဟာ အရမ်းအခြေအနေ ဆိုးရွားနေတဲ့အတွက် ဒီအခြေအနေတွေကို လက်ရှိထက် ပိုမိုအားထုတ်ပြီး ကြပ်မတ်အရေးယူသွားမယ်လို့လည်း ဆန်းဘာ့ဂ်က ကတိပြုသွားခဲ့ပါတယ်။ 

ဆန်းဘာ့ဂ်ဟာ Facebookရဲ့ ဒုတိယ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်ပြီး သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ရာထူးအရ ကုမ္ပဏီရဲ့ ပြဿနာတွေကို လွှတ်တော်က စုံစမ်းရာမှာ တာဝန်ခံ ဖြေကြားပိုင်ခွင့် ရှိခဲ့ပါတယ်။

7Day

0 comments:

Post a Comment