Monday, September 3, 2018

မဲစာရင်းများ ပြင်ဆင်နိုင်ရန် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားပေးမည်



မန္တလေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်မည့် မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများ ပြင်ဆင်နိုင်ရန် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က သိရသည်။ 
ဒုတိယအကြိမ် မဲစာရင်း ကပ်မည့်ရက်အား အတိအကျမသိရသေးသော်လည်း စက်တင်ဘာလအတွင်း ကပ်ထားပေးမည်ဖြစ်ပြီး မဲစာရင်းတွင် မပါသူများ ထပ်မံဖြည့်ရန် ၊ မဲပေးပိုင်ခွင့်မရှိသူများကို ဖယ်ရှားရန် နှင့် အမှားများပြင်ဆင်နိုင်ရန်အတွက် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်း က ပြောသည်။ 

"ရက်အတိအကျက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မှာပါ ။ ပထမအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်း က ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မဲစာရင်ကို အခြေခံပြီးထုတ်တဲ့အတွက် အမှားတွေရှိနိုင်တယ် ။ ဒါ့ကြောင့်လည်း ပြင်ဆင်နိုင်ဖို့ ဒုတိယအကြိမ် ကပ်ထားပေးမှာဖြစ်တယ် "ဟု ဦးအောင်မျိုးဆန်း က ဆက်လက် ပြောသည်။ 

ပထမအကြိမ်မဲစာရင်းအား ဇူလိုင်လ ၉ ရက်နေ့မှ စ၍ (၁၄) ရက်တိတိကပ်ထားပေးခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်ပေးခဲ့သော်လည်း လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ 

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ် (၃) နေရာအတွက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၁၆) ဦးရှိပြီး နိုဝင်ဘာလ (၃) ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ 

ပုံစာ - ပထမအကြိမ်မဲစာရင်း ကပ်ထားသည့် မြင်ကွင်း 
The Fifth Wave News 

0 comments:

Post a Comment