Wednesday, September 26, 2018

ဖောင်ကြီး အရှေ့ကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံ ဆည်မြောင်းအတွင်းမှ ဘုရားဆင်းတုတော် ၉၆ ဆူ တွေ့ရှိ



ဖောင်ကြီး အရှေ့ကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံ ဆည်မြောင်းအတွင်းမှ ဘုရားဆင်းတုတော် ၉၆ ဆူအား စက်တင်ဘာ ၂၆ ရက်က တွေ့ရှိ၍ ဆယ်ယူခဲ့ကြောင်း ဖောင်ကြီးနယ်မြေရဲစခန်းမှ သိရသည်။ 
ဖောင်ကြီး အရှေ့ကျေးရွာအုပ်စုနေသူ ဒေါ်သန်းအေးသည် စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီခွဲက ကလေးအား ကျောင်းသို့ သွားရောက် ပို့ဆောင်စဉ် ငမိုးရိပ် ဆည်မြောင်းတံတားအောက်ဘက် ရေအလယ်၌ ပြောင်လက်သည့်အရာများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

“ဖောင်ကြီး အရှေ့ဘက်ကမ်း ရွာထိပ် လယ်သမားတွေအတွက် ပေးတဲ့ဆည်ကနေပြီး တံတားအောက်မှာပေါ့။ စုစုပေါင်း ၉၆ ဆူ။ ဘယ်ကဘုရားလဲတော့ မသိဘူး။ ရှေးဟောင်းတော့ မဖြစ်လောက်တော့ဘူး ထင်တယ်။ ရှေးဟောင်း သုတေသနအဖွဲ့နဲ့တော့ စစ်ဆေးနေတယ်”ဟု ဖောင်ကြီးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်နေစိုးက ပြောကြားသည်။ 

အဆိုပါ ဆင်းတုတော်များအား အောင်ဇေရုံ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းတိုင်ဆရာတော် ဥူးပညာစာမိ၏ ဦးဆောင်မှုဖြင့် ကျေးရွာသားများက ဆယ်ယူခဲ့ရာ ပုံလောင်းဆင်းတုတော်များမှာ ဉာဏ်တော် ခြောက်လက်မခန့် ၁၀ ဆူ၊ ဉာဏ်တော် သုံးလက်မခန့် ၈၆ ဆူ စုစုပေါင်း ပုံလောင်း ဆင်းတုတော် ၉၆ ဆူ ရရှိခဲ့ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ဆယ်ယူရရှိခဲ့သော ဆင်းတုတော်များကို ဖောင်ကြီးအရှေ့ ကျေးရွာအုပ်စု၊ စက်ကွက်သစ်ရပ်ကွက်တွင် မဏ္ဍပ်ထိုးကာ အပူဇော်ခံထားကြောင်း သိရသည်။ 


စည်သူ 
Eleven Media Group 

0 comments:

Post a Comment