Wednesday, September 26, 2018

အိမ်သုံးမီတာ တင်ဒါခေါ်ယူမှုများတွင် မမှန်မကန် လုပ်ဆောင်မှုများကို နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများသို့ ၂၄ ကြိမ်တိုင် တိုင်ကြားခဲ့သော်လည်း စိစစ်အရေးယူမှု မရှိသောကြောင့် ကိုရီးယား နည်းပညာဖြင့် ပြည်တွင်းမီတာ ထုတ်လုပ်သည့်စက်ရုံ ရပ်ဆိုင်းရမည့် အခြေအနေ ဖြစ်ပေါ်နေ




အိမ်သုံးမီတာ တင်ဒါခေါ်ယူမှုများတွင် မမှန်မကန် လုပ်ဆောင်မှုများကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် အစိုးရတာဝန်ရှိသူများသို့ တိုင်ကြားထားသော်လည်း စိစစ်အရေးယူမှု မရှိသောကြောင့် ကိုရီးယား နည်းပညာဖြင့် ပြည်တွင်း မီတာထုတ်လုပ်သည့် စက်ရုံမှာ လုပ်ငန်းရပ်ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း Myanmar Machinery Manufacturing ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင်က စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။ 
မြန်မာ့စီးပွားရေး ဦးပိုင်နှင့် အကျိုးတူ ပူးပေါင်းထားသည့် Myanmar Machinery Manufacturing ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ခေါ်ယူခဲ့သည့် အိမ်သုံးမီတာ သုံးမျိုး၊ ပါဝါမီတာ တစ်မျိုးနှင့် စီတီမီတာ တစ်မျိုး ၀ယ်ယူမည့် 84 (T) / ESE 2017-2018 တင်ဒါကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ 

ထိုသို့ ယှဉ်ပြိုင်ရာတွင် ကုမ္ပဏီ၂၀ က တင်ဒါ ၀ယ်ယူခဲ့သော်လည်း ကိုးခုသာ နမူနာပစ္စည်းများနှင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ခေါ်ယူသည့် တင်ဒါအပေါ် တင်ဒါ စိစစ်ရွေးချယ် အတည်ပြုရေးကော်မတီမှ သတ်မှတ်ထားသော တင်ဒါ စည်းမျဉ်းစည်းကမ်းများနှင့် ပါဝင်ရမည့် နည်းပညာ Technical Specification များကို လျစ်လျူရှုကာ မလျော်မကန် အခွင့်အာဏာသုံး၍ ဆောင်ရွက်သည့် အချက်များအဖြစ် Name Plat နှင့် ပတ်သက်၍ Technical Specification တွင် ၀ယ်ယူမည့် မီတာ အားလုံးအတွက် အသေးစိတ်တူညီစွာ သတ်မှတ်ထားသော်လည်း Junction River ကုမ္ပဏီသည် ၎င်းအချက်များကို လျစ်လျူရှုကာ Technical Specification မကိုက်ညီသော၊ Name Plate မပါသော နမူနာ မီတာများကို တင်သွင်းခဲ့ပြီး တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီမှလည်း မျက်ကွယ်ပြု၍ လက်ခံ ယှဉ်ပြိုင်စေခဲ့သည်ဟု နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများစွာကို ယခုနှစ် ဖေဖော်ဝါရီလမှစ၍ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် တင်ဒါ စည်းမျဉ်းစည်းကမ်းအရ ဒုတိယ၀န်ကြီးကိုယ်တိုင် ဦးစီး၍ အတည်ပြု ထုတ်ပြန်ထားသော Technical Specification သတ်မှတ်ချက်များကို ဖောက်ဖျက်၍ စက္ကူစ တစ်ကာဖြင့် ပြုလုပ်ထားသည့် Name Plate များ ကပ်၍ အစစ်ဆေးခံခြင်းကို ခွင့်ပြုပေးခဲ့ခြင်း၊ Test Lab မှ Name Plate မပါသဖြင့် Test Result တွင် မှတ်ချက်ပေးခဲ့သော်လည်း ဒုတိယ၀န်ကြီး ဦးဆောင်သည့် တင်ဒါ စိစစ်ရွေးချယ် အတည်ပြုရေးကော်မတီက Technical အအောင်ပေးခဲ့ခြင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့ရှိ လျှပ်စစ် စမ်းသပ်ရေးဌာနတွင် နမူနာ မီတာများကို စစ်ဆေးရာ Technical Specification ပါ စစ်ဆေးရမည့် အဓိကအချက်ပေါင်း ၂၀ ကို ပြည့်စုံအောင် မစစ်ဆေးဘဲ လျစ်လျူရှုပြီး Accuracy Test တစ်ခုတည်းသာ စမ်းသပ် စစ်ဆေးခြင်း၊ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၌ ဈေးနှုန်း ဖွင့်လှစ်ရာတွင် တင်ဒါ စည်းမျဉ်းစည်းကမ်းအရ မလွဲမသွေ စစ်ဆေးရမည့် အချက်များကို စစ်ဆေးခြင်း မရှိခြင်းများ စသည်ဖြင့် သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက် ကျုးလွန်ခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြသည်။ 

ထို့ပြင် ဒုတိယ၀န်ကြီး ဦးဆောင်သည့် တင်ဒါ စိစစ်ရွေးချယ် အတည်ပြုရေး ကော်မတီက တင်ဒါ စည်းမျဉ်းစည်းကမ်းများအတိုင်း ပွင့်လင်းမြင်သာစွာ နှိုင်းယှဉ် ထုတ်ပြန်ရမည့် ကုမ္ပဏီဆိုင်ရာ အချက်အလက်များ၊ Technical Specification များနှင့် ပတ်သက်၍ အောင်မြင်ခဲ့ရခြင်း အကြောင်းရင်းများကို ပွင့်လင်းမြင်သာစွာ ကြေညာမှု မပြုခဲ့ခြင်း၊ တင်ဒါ စည်းမျဉ်းစည်းကမ်းများ၊ Technical Specification များနှင့် ကိုက်ညီမှု မရှိဘဲ Name Plate မပါသည့် မီတာများဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် Junction River ကုမ္ပဏီကို တင်ဒါ အအောင်ပေးခဲ့ခြင်း၊ တင်ဒါ စိစစ်ရွေးချယ်မှု စည်းမျဉ်းများ အပိုဒ် (၉) အရ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ရည်ညွှန်း (၂) ပါ စာဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား လိပ်မူ၍ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေး ၀န်ကြီးဌာနများသို့ မိတ္တူပေးပို့ ကန့်ကွက်ခဲ့သော်လည်း ဖြေကြားရှင်းလင်းပေးမှု မရှိခြင်းများ ကြုံခဲ့ရပြီး ဒုတိယ၀န်ကြီး ဦးဆောင်သည့် တင်ဒါ စိစစ်ရွေးချယ် အတည်ပြုရေးကော်မတီမှ ဈေးနှုန်းနှိုင်းယှဉ်မှု တစ်ခုတည်းဖြင့် အိမ်သုံးမီတာ သုံးမျိုး ကျပ် ၁၄ ဒသမ ၆ ဘီလျံကို Junction River ကုမ္ပဏီ၊ ပါဝါမီတာ တစ်မျိုး ကျပ် ၁ ဒသမ ၂ ဘီလျံကို Alpha Power ကုမ္ပဏီတို့အား သတ်မှတ် ရွေးချယ်ပြီး ဇန်န၀ါရီ ၁၉ ရက်တွင် စာချုပ် ချုပ်ဆိုခဲ့ကြောင်းနှင့် သတ်မှတ် စည်းမျဉ်းနှင့် ကိုက်ညီမှုမရှိဘဲ ၀င်ရောက်ယှဉ်ပြိုင်ကာ ရွေးချယ်ခံရသည့် Junction River ကုမ္ပဏီကို တိုင်ကြားခြင်းဖြစ်ကြောင်း ဦးမျိုးအောင် က ပြောကြားသည်။ 

ထိုသို့ နိုင်ငံသားပိုင်ကုမ္ပဏီက ပြည်တွင်း၌ ထုတ်လုပ်ကာ နည်းပညာ အချက်အလက် နှိုင်းယှဉ်ပါက အားသာချက် များစွာရှိသည့် မီတာများကို ဈေးနှုန်း ကျပ် ၃၅၀၀ ကွာဟမှုဖြင့် မရွေးချယ်ခဲ့ခြင်း၊ ဒေါပုံမြို့နယ်တွင် AMI စနစ်ဖြင့် အဆင့်မြှင့်တင်နေပြီး နိုင်ငံတစ်ဝန်းသို့ ကျပ် ၁၄၈ ဘီလျံကျော်ဖိုး ထုတ်လုပ်ရောင်းချထားသည့် Myanmar Machinery Manufacturing ကုမ္ပဏီ၏ Ever မီတာများနှင့် ချိတ်ဆက်သုံးနိုင်ဖွယ် မရှိသည့် မီတာများကို တင်ဒါ ၀ယ်ယူမှုကြောင့် နိုင်ငံနှင့် ပြည်သူများ နစ်နာနိုင်ခြင်း၊ ဒုတိယ၀န်ကြီး ဦးဆောင်သည့် တင်ဒါစိစစ် ရွေးချယ် အတည်ပြုရေးကော်မတီ၏ တစ်ဖက်သတ် ဘက်လိုက်မှု အကြိမ်ကြိမ်ကြုံတွေ့ရမှုကြောင့် Myanmar Machinery Manufacturing ကုမ္ပဏီတွင် ဒေါ်လာ သုံးသိန်းကျော် ဆုံးရှုံးရခြင်းများကို ရင်ဆိုင်ခဲ့ရသည်ဟု တိုင်ကြားခဲ့ကြောင်း သိရသည်။ 

လက်ရှိ အခြေအနေတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မီတာ ၆၃၀၀၀၀ ဆက်လက် တင်ဒါခေါ်ယူထားပြီး ထိုသို့ မီတာတင်ဒါခေါ်ယူမှုများတွင် တစ်ကြိမ် နှင့် တစ်ကြိမ် မီတာ Specifications များ တူညီမှုမရှိဘဲ ခေါ်ယူနေသည်ကို တွေ့ရှိရပြီး ထိုသို့ နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုမှ တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်နိုင်မှု မရှိအောင် တင်ဒါ တစ်ကြိမ် ခေါ်ယူတိုင်း Specification တစ်ကြိမ် ပြောင်းလဲမှုမှာ ရိုးသားသည့် တင်ဒါခေါ်ယူမှု မဟုတ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။ 

“အခု တရုတ်ကနေ ၀ယ်နေတဲ့ မီတာတွေက ကျွန်တော်တို့ ရှိနေတဲ့ နည်းပညာတွေကို ပြောင်းပြန်လှန်ပြီးတော့ တရုတ်ကနေ Mould တွေရော၊ ဒိုင်တွေပါ ပြင်ပစ်လိုက်တယ်။ အခု ၆၃၀၀၀၀ ထပ်ဝယ်တယ်။ ၀ယ်ဖို့ တင်ဒါ ခေါ်တယ်။ ဒီဟာကတော့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ကို ရည်ရွယ်ချက်ရှိရှိ မျိုးစုံ ဒုက္ခပေးနေတော့ တင်ဒါ တစ်ခါခေါ်တယ်။ တစ်ခါပြောင်းတယ်။ Specification တွေကို။ ဆိုတော့ ပြည်တွင်းမှာ မထုတ်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာပဲ။ အစိုးရအကြီးအကဲတွေက အရေးယူမပေးဘူး ဆိုရင်တော့ စက်ရုံပိတ်ရတော့မယ့်ဘ၀ ရောက်တာပဲ” ဟု ဦးမျိုးအောင်က ဆိုသည်။ 

ထို့ပြင် “နောက်ဆုံး တင်ဒါက အောက်တိုဘာ ၂၆ ရက်မှ တင်ဒါ ပိတ်မယ်။ အဲဒါက တရုတ်ကို စိတ်ကြိုက် ပြင်ခိုင်းထားတဲ့ နည်းပညာတွေ လျှောက်ထည့်ထားတယ်။ ကျွန်တော်တို့ ပြိုင်လို့ မရအောင်။ ကျွန်တော်တို့က ကိုရီးယား နည်းပညာ။ ကျွန်တော်တို့မှာက တရုတ်နည်းပညာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပထ၀ီနိုင်ငံရေးအရ နည်းပညာကိုလိုနီ အဖြစ်မခံဘူး။ ကိုရီးယား နည်းပညာကို ရအောင် သုံးထားတယ်။ တရုတ် နည်းပညာကို လုံးဝ သုံးမထားဘူး။ အခုက တရုတ်နည်းပညာနဲ့ လုံးဝကို ခေါ်လိုက်ပြီ” ဟု ဦးမျိုးအောင်က ဆက်လက် ပြောကြားသည်။ 

လက်ရှိ အစိုးရလက်ထက်တွင် ကုမ္ပဏီအနေဖြင့် မီတာတင်ဒါများ ခေါ်ယူရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် လုပ်ငန်း ရပ်ဆိုင်းနေရသည့် ကာလမှာ နှစ်နှစ်ခန့် ကြာမြင်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် Myanmar Machinery Manufacturing ကုမ္ပဏီတွင် ၀န်ထမ်း ၂၂၀ ကျော်ရှိပြီး လစဉ် လုပ်ငန်းလည်ပတ်စရိတ် ကျပ် သိန်း ၇၀၀ ခန့် ရှိနေသဖြင့် လုပ်ငန်း ရပ်ဆိုင်းရမည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဦးမျိုးအောင် က ဆက်လက် ပြောကြားသည်။ 

ထိုသို့ တိုင်ကြားရာတွင် အစိုးရ တာဝန်ရှိသူများကိုသာ တိုင်ကြားရုံသာမက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ပါ တိုင်ကြားခဲ့ပြီး ကော်မရှင်က လက်ရှိအချိန်တွင် စုံစမ်းအရေးယူနိုင်မည် မဟုတ်ဘဲ လွှတ်တော်တွင် ဆွေးနွေးနေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော်သမ္မတ က အတည်ပြု လက်မှတ်ထိုးပြဋ္ဌာန်းပြီးမှသာ စစ်ဆေး လုပ်ဆောင်နိုင်မည်ဟု တုံ့ပြန်ခဲ့သည်ဟု ဦးမျိုးအောင်က ပြောကြားသည်။ 

“ကျွန်တော်တို့က ရပ်ရတော့မယ်။ နှစ်နှစ်ကျော်လာပြီ။ တစ်လကို ကျွန်တော်တို့က စက်ရုံစရိတ်၊ ၀န်ထမ်းစရိတ်တွေ။ နောက်ပြီး နိုင်ငံတော်ရဲ့ မူဝါဒပြောင်းသွားတဲ့အတွက် ၀န်ထမ်းစရိတ်တွေလည်း တိုးပေးရတယ်။ တိုးပေးရတဲ့အပြင် ဖယ်ရီစရိတ်တွေ။ ကျွန်တော့်စက်ရုံမှာ ထမင်းကျွေးတယ်။ ၀န်ထမ်းတွေအတွက် နေ့လယ်စာပေါ့။ အဲဒီစရိတ်တွေ ပေါင်းပြီးတော့ တစ်လကို သိန်း ၇၀၀ လောက် ရှိတယ်။ နောက်ပြီးတော့ ကျွန်တော့်ဆီမှာ ရှိနေတာက အင်ဂျင်နီယာတွေ။ အဲဒီတော့ သာမန်လစာနဲ့ ပေးလို့မရဘူး။ အဲဒါတွေကြောင့်မို့လို့ ကျွန်တော်တို့က အစိုးရကို ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံတာပါ။ မေတ္တာရပ်ခံတယ်။ ဖြေရှင်းပေးဖို့လည်း စာထဲမှာလည်း အကြိမ်ကြိမ်ကို ကျွန်တော် မဟုတ်မမှန် တိုင်ကြားရင် ပြင်းပြင်းထန်ထန် အရေးယူပါ။ ဒါမှမဟုတ်ရင် ဖြေရှင်းပေးဖို့ ကျွန်တော်က တောင်းဆိုတယ်။ ဒါပေမဲ့ ယနေ့အထိလည်း မဖြေရှင်းပေးဘဲနဲ့ အခု တင်ဒါအသစ် ထပ်ခေါ်တယ်” ဟု ဦးမျိုးအောင်က ဆိုသည်။ 

Myanmar Machinery Manufacturing ကုမ္ပဏီ ထုတ်လုပ်သည့် Ever မီတာများသည် မီတာ၏ အတွင်းပစ္စည်းများ ထပ်မံ ထည့်သွင်းပြုပြင်ရန် မလိုအပ်သည့်အပြင် အစိုးရက ဖော်ဆောင်နေသည့် eGovernment ကို အထောက်အပံ့ဖြစ် စေရန် မီတာ၏ AMI စနစ်ပါ Software ကို မြန်မာစာစနစ်ဖြင့် ချိတ်ဆက်၍ စက္ကန့်ပိုင်းအတွင်း မီးသုံးစွဲမှု၊ မီးအားကျမှု၊ မီးခိုးသုံးမှုနှင့် ဓာတ်တိုင်များ၏ ပတ်ဝန်းကျင်ကိုပါ စစ်ဆေးကြည့်ရှုနိုင်ရန် ပြင်ဆင်ထားကြောင်းနှင့် လက်ရှိ နိုင်ငံ့ဘဏ္ဍာမှ တန်ဖိုးအဖြစ် ကျပ် ၁၄၈ ဘီလျံကျော်ဖိုး ၀ယ်ယူထားသည့် မီတာ နှစ်သန်းကျော်နှင့် ဆက်စပ် သုံးစွဲမရသည့် မီတာများကို ၀ယ်ယူမည်ဆိုပါက နိုင်ငေံတော်မှ အကောင်အထည် ဖော်ဆောင်နေသည့် eGovernment ကို အဟန့်အတား ဖြစ်စေခြင်းများနှင့် တင်ဒါ စည်းမျဉ်း ချိုးဖောက်ကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကုမ္ပဏီကို အနိုင်ပေးခဲ့ခြင်းအားဖြင့် မဖြစ်သင့်သည့် အခြေအနေကို ဖန်တီးခဲ့မှုအပေါ် နောင်တွင်ထိုကဲ့သို့ ပြဿနာမျိုး မဖြစ်စေရန် စံပြအနေဖြင့် သီးခြား လွတ်လပ်သောအဖွဲ့ (Third Party) ဖြင့် စနစ်တကျ ပြန်လည် စိစစ်ပေးရန်နှင့် မျှတမှုမရှိသည့် တင်ဒါစာချုပ်ကို ပယ်ဖျက်ပေးရန် အသနားခံ တင်ပြခဲ့ကြောင်း တိုင်ကြားစာနှင့် ဦးမျိုးအောင်၏ ပြောကြားမှုအရ သိရသည်။ 

အဆိုပါ ဖြစ်စဉ်များအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဆောင်သည့် တင်ဒါ စိစစ်ရွေးချယ် အတည်ြုပုရေး ကော်မတီ၏ တစ်ဖက်သတ် ဘက်လိုက်မှုဖြစ်စဉ်ဟု အစိုးရအဖွဲ့ တာဝန်ရှိသူများထံ တိုင်ကြားသည့်စာတွင် သုံးနှုန်းပါရှိသည့်အတွက် ဒုတိယ၀န်ကြီး ဦးထွန်းနိုင် အသုံးပြုသည့် Facebook အကောင့်သို့ ယခင်က ဆက်သွယ် မေးမြန်းထားပြီး လက်ရှိတွင်လည်း ပေးပို့မေးမြန်းထားကာ တုန့်ပြန်ဖြေကြားမှုများကို ဆက်လက် ဖော်ပြသွားမည် ဖြစ်သည်။ ထို့ပြင် အဆိုပါမီတာ တင်ဒါအငြင်းပွားမှုများ နှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးက လွှတ်တော်အတွင်း ရှင်းလင်းမှု ပြုလုပ်ထားပြီး ပြည်ထောင်စုဝန်ကြီးကလည်း သတင်းစာရှင်းလင်းပွဲတွင် မှန်ကန်စွာ လုပ်ကိုင်သည်ဟု ဖြေကြားမှု ပြုထားသည်။ 

“တင်ဒါမှာ မမှန်မကန် လုပ်နေတဲ့သူတွေကိုပဲ ပြတ်ပြတ်သားသား အရေးယူပေးဖို့ပါ။ ဖော်ထုတ်ပေးဖို့ပါ” ဟု ဦးမျိုးအောင်က ဆက်လက် ပြောကြားသည်။ 

ဦးမျိုးအောင်၏ ပြောကြားချက်များ နှင့် ပတ်သက်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး ထံသို့ စက်တင်ဘာ ၂၃ ရက်က ဆက်သွယ်ရာ အစည်းအဝေး တက်နေသည်ဟု ဖုန်းကိုင်ဆောင်သူက ဖြေကြားပြီး သတင်းပို့ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ တုံ့ပြန်လာမှုများကိုလည်း ဆက်လက် ဖော်ပြမည်ဖြစ်သည်။ 

“တိုင်စာ ပို့တဲ့အချိန်မှာ ကျွန်တော်တို့က မဟုတ်မမှန် တိုင်ကြားရင် ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ အခုလက်ရှိဖြစ်နေတဲ့ တင်ဒါကိုလည်း စိစစ်ပေးပါဆိုပြီး မေတ္တာရပ်ခံတယ်။ အသနားခံတာကို သမ္မတရော၊ အတိုင်ပင်ခံကိုရော၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကိုရော ရှိတဲ့လူကြီးတွေ အကုန်ပို့တယ်။ ပို့တာ အကြိမ်ရေ ၂၄ ကြိမ် ရှိသွားပြီ။ ဆိုတော့ အခုဟာက သူတို့ အရေးမယူတဲ့အခါ လျှပ်စစ်က ပိုပြီး ဆိုးသွားတာပေါ့။ ဒါ အရေးမယူဘူးဘဲ ဆိုပြီး ပိုပြီးလုပ်လို့ ရသွားတယ်။ ကျွန်တော်တို့က ပြည်တွင်းမှာ တစ်ရက် မထုတ်ရဘူးဆိုရင် နောက်တစ်ရက်မှာ အပျက်အစီးများတယ်။ ကျွန်တော်တို့ မေတ္တာရပ်ခံတာက ပြည်တွင်းမှာ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်မှာ ထုတ်လုပ်ဖို့ပဲ ကြိုးစားခိုင်းတယ်။ နည်းပညာရရှိဖို့ပဲ တွန်းအားပေးတယ်။ အခုဟာက ဖျက်ဆီးသလို ဖြစ်နေတော့ စိတ်မကောင်းဘူး” ဟု ဦးမျိုးအောင်က ပြောကြားသည်။ 

ဖြိုးဝေ: ဖြိုးဝေ  
Eleven Media Group 

0 comments:

Post a Comment