Thursday, September 27, 2018

အီတလီတွင် သစ်တောထူသည့် တောင်ကုန်းများ မီးအကြီးအကျယ်လောင်




အီတလီနိုင်ငံအလယ်ပိုင်း တို့စ်ကာနာ ဒေသအတွင်း သစ်တောထူတဲ့ တောင်ကုန်းတွေ မီးအကြီးအကျယ် လောင်နေလို့ ပီစာလေဆိပ်ကို စက်တင်ဘာ ၂၅ ရက်က ပိတ်ထားရပါတယ်။ 
ရာနဲ့ချီတဲ့ လူတွေကိုလည်း သူတို့အိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ပေးထားပါတယ်။ 

မီးဟာ ပီစာနဲ့ လုကာမြို့ နှစ်မြို့ကြားမှာ တနင်္လာနေ့ နှောင်းပိုင်းတည်းက စတင်လောင်ကျွမ်းနေတာလို့ အရာရှိတွေက ယုံကြည်ကြပါတယ်။ 

ကယ်လ်စီနဲ့ ဗီကိုပီစာနိုမြို့နယ်တွေထဲက ကျောင်းတွေအားလုံးကို ပိတ်ထားပြီး ဘေးကင်းရေး သတိထားတဲ့ အနေနဲ့ ဒေသတွင်း လူအယောက် ၇၀၀ လောက်ကို အိမ်တွေကနေ စွန့်ခွာကြဖို့ ဒေသန္တရ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ 

မီးသတ်လေယာဉ် နှစ်စီးနဲ့ မီးသတ်ရဟတ်ယာဉ် လေးစီးလဲ ကောင်းကင်ယံမှာ လွန်းပျံ ပျံသန်းနေပြီး ရေလီတာ ထောင်ချီသုံးရင်း မီးငြှိမ်းသတ်ဖို့ ကြိုးစားနေပါတယ်။ 

လေပြင်းတွေကလည်း မီးလောင်ရာ လေပင့်ပေးနေသလို ဖြစ်နေကာ မီးကြောင့် သစ်တောဧရိယာ ဟက်တာ ၆၀၀ လောက် ပျက်စီးခဲ့ပြီး ပီစာမြို့ပေါ်မှာ မီးခိုးတိမ်တွေ ဖုံးနေပါတယ်။

DVB 

0 comments:

Post a Comment