ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ ထမ်း နျားရွာက ရွာသားတဦးဟာ လွိုင်လင်မြို့သို့ သွားရာလမ်းပေါ်မှာ စက်တင်ဘာ ၂၅ ရက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ထမ်းနျားရွာသား ခွန်မောင်းလွန်တို့ ဇနီးမောင်းနှံဟာ သမီးနေမကောင်းလို့ လွိုင်လင်ဆေးရုံသို့သွားရောက် ဆေးကုသပြီးအပြန် တောင်နောက်ရွာနဲ့ နောင်ယာဆိုင်းရွာကြား လမ်းခုလတ်မှာ တူမီးသေနတ်နဲ့ ချောင်းပစ်ခံရတာလို့ လွိုင်ခရိုင် ရဲတပ်ဖွဲ့မှူးကပြောပါတယ်။
“အဲနေရာက ဗွက်အိုင်အရှည်ကြီး ကားလာလည်းရပ်ရတယ်။ လူလာလည်း ရပ်ရတယ်။ ဆိုင်ကယ်လာလည်း ရပ်ရတယ်။ အဲချိန်မှာချောင်းပစ်ခံရတာ၊ ဖြစ်နိုင်တာက ရွာသားအချင်းချင်း ရန်ငြိုးရှိလို့ပစ်တာလို့ ယူဆရတယ်။ ရွာသားအချင်းချင်း ပဋိပက္ခဖြစ်ပြီးချောင်းပစ်တယ်လို့ပဲ လောလောဆယ် ယူဆရတယ်။ တရားခံကိုတော့ စုံစမ်းဆဲပါ”လို့ ပြောပါတယ်။
လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စုတ၀ိုက်မှာ RCSS/SSA လက်နက်ကိုင် အဖွဲ့နဲ့ မတ်ကျန်းပြည်သူ့စစ်တွေ လှုပ်ရှားသွားလာနေကြပြီး အခုပစ်ခတ်မှုဟာ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖွဲ့နဲ့ ဆိုင်တယ်လို့ ရွာသားတွေက ယူဆကြပါတယ်။
အပစ်ခံရသူ ခွန်မောင်လွန်းမှာ အသက် ၂၈ နှစ်ရှိပြီး သေနတ်လေးချက် အပစ်ခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကလည်း လွိုင်လင်မြို့နယ်၊ ပါဟုတ်ရွာက ရာအိမ်မှူးတစ်ဦး အသတ်ခံရမှုလည်း တရားခံဖမ်းဆီးရခြင်းမရှိသေးပါဘူး။
“လက်နက်ကိုင်တွေ လှုပ်ရှားတဲ့နယ်မြေမှာ တို့လည်း ထဲထဲဝင်ဝင်လှုပ်လို့မရဘူး။ သွားလို့ လာလို့ရတယ်။ တရားခံဖမ်းရဖို့က မလွယ်ကူဘူး၊ ဘာသာစကားလည်း မပေါက်ဘူး”လို့ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးကလည်း “ဒီဒေသမှာ ပြီးခဲ့တဲ့ ပါဟုတ်ရွာသူကြီး အသတ်ခံရတုန်းကလည်း တရားခံမပေါ်ဘူး။ ကျိုင်းတောင်းကိစ္စမှာလည်း အိမ်ထဲထိ လာပစ်သွားတာရှိတယ်။ ဘယ်သူဘယ်ဝါမသိဘူး။ အဲလိုဖြစ်နေတာများပြီ ဒေသခံ အနေနဲ့ လုံခြုံမှုမရှိတော့ဘူး။ နိုင်ငံတော်ဘက်ကလည်း ဘာမှမလုပ်ပေးဘူး တရားဥပဒေ စိုးမိုးမှုမရှိဘူး”လို့ပြောပါတယ်။
တောင်နောက်ကျေးရွာအုပ်စုရှိ ရွာတွေက ရွာသားတွေဟာ ဆက်ကြေး ကောက်ခံရတာ၊ ခြိမ်းခြောက်အနိုင်ကျင့်ခံရတာ၊ အမျိုးသမီးနဲ့ အသက်မပြည့်တဲ့ မိန်းကလေးတွေ အဓမ္မပြုကျင့်ခံရတာနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ မကြာခဏ ကြုံတွေ့ နေရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ကလည်း မတ်ကျန်းပြည်သူ့စစ် ရဲဘော်တစ်ဦးက အသက်မပြည့် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သတင်း- ခွန်ရာဇာ
DVB
0 comments:
Post a Comment