Thursday, September 27, 2018

အာဂျင်တီးနားက အိုင်အမ်အက်ဖ်ထံမှ ဒေါ်လာ ၇ ဘီလျံ ထပ်ယူ


အကြွေးတွေပိနေတဲ့ အာဂျင်တီးနားနိုင်ငံဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေ လျော့အောင် အားထုတ်တဲ့အနေနဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ထံကနေ ဒေါ်လာ ၇ ဘီလျံ ထပ်ယူလိုက်ပါတယ်။ 
ဒါကြောင့် လာမယ့်နှစ်မကုန်ခင်အထိ အိုင်အမ်အက်ဖ်က အာဂျင်တီးနားကို ချေးသွားမယ့် ငွေကြေးပမာဏ စုစုပေါင်း ဒေါ်လာ ၅၇ ဘီလျံဖြစ်တယ်လို့ အိုင်အမ်အက်ဖ် စီမံညွှန်မှူး ခရစ္စတင်းလာဂိတ်က နယူးယောက်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

လက်ရှိမှာ အာဂျင်တီးနား ပီဆိုငွေတန်ဖိုးဟာ ၅၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းနေပြီး မိုးခေါင်မှုကြောင့် စိုက်ပျိုးထုတ်ကုန်တွေ ပြည်ပပို့နှုန်းကိုလည်း ထိခိုက်လာတာကြောင့် စီးပွားပျက်ကပ် ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ 

အာဂျင်တီးနား ဗဟိုဘဏ်ဟာ ပီဆိုတန်ဖိုးတက်လာအောင် အရန်ငွေ ဒေါ်လာ ၁၆ ဘီလျံနီးပါးအထိ သုံးခဲ့ပေမယ့် မအောင်မြင်ဘဲ ဖြစ်ခဲ့ပါတယ်။ 

လာဂိတ်ကတော့ အခုအကူအညီကြောင့် ပီဆိုငွေကို ဈေးကွက်ပေါက်ဈေးအလိုက် နိုင်ငံခြားငွေနဲ့ လဲလှယ်နိုင်မှာဖြစ်သလို ငွေလဲဈေးကွက်အတွင်းမှာ အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်လာမယ်ဆိုရင် ဗဟိုဘဏ်က ကြားဝင်ဟန့်တားနိုင်မယ်လို့ ပြောပါတယ်။

DVB

0 comments:

Post a Comment