Friday, September 28, 2018

စက်သုံးဆီဈေးနှုန်းများ လေးလအတွင်း ၁၇ ရာခိုင်နှုန်းကျော် မြင့်တက်လာသော်လည်း ဒေါ်လာဈေးနှင့် နိုင်ငံခြားဆီဈေးကို မူတည်၍ နေ့စဉ်တွက်ချက်နေရခြင်းကြောင့် တစ်နှစ်တာအတွင်း ရှုံးသည့်ရက် ပိုများကြောင်း စက်သုံးဆီလုပ်ငန်းရှင်များ ရှင်းလင်း


စက်သုံးဆီဈေးနှုန်းများ လေးလ၀န်းကျင်ကာလအတွင်း ၁၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ ဒေါ်လာဈေးနှင့် နိုင်ငံခြားဆီဈေးနှုန်းများအပေါ် မူတည်၍ တွက်ချက်နေရခြင်းကြောင့်ဖြစ်ပြီး စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း အပြိုင်အဆိုင် ဈေးနှုန်းများ လျှော့ချရောင်းချနေခြင်းကြောင့်တစ်နှစ်တာတွင် ရှုံးသည့်ရက် ပိုများနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းက စက်တင်ဘာ ၂၈ ရက်တွင် UMFCCI ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ လက်ရှိစက်သုံးဆီဈေးနှုန်းများ မြင့်တက်နေရခြင်းအကြောင်းကို ရှင်းလင်းခဲ့ သည်။ 
ဒေါ်လာဈေးခုန်တက်ခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများ လေးလအတွင်း ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သဖြင့် ပြည်သူများအကြားတွင် ဝေဖန်ပြောဆိုမှုများ မြင့်တက်ခဲ့ပြီး ယင်းကဲ့သို့ ဆီဈေးနှုန်းကြီးမြင့်နေရခြင်းမှာ တမင်ဖန်တီးထားခြင်းမျိုးမဟုတ်ဘဲ နေ့စဉ် စက်သုံးဆီဈေးနှုန်းများကို တွက်ချက်ရာတွင် ဒေါ်လာဈေးနှင့် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းရခြင်းဖြစ်သဖြင့် နိုင်ငံခြား စက်သုံးဆီဈေး နှုန်းတို့ မူတည်ပြီး မြန်မာကျပ်ငွေဖြင့် စက်သုံးဆီပေါက်ဈေးများအား တွက်ချက်ရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

စက်တင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံ စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးအသင်းက သတ်မှတ်သည့် လက်လီစက်သုံးဆီရောင်းချ ဈေးနှုန်းမှာ ၁၀၇၀ ဒသမ ၆၃ ကျပ်ရှိသော်လည်း ဈေးကွက်အတွင်းအနိမ့်ဆုံးဈေး နှုန်း ၁၀၁၅ ကျပ်နှင့် အမြင့်ဆုံးဈေးနှုန်း ၁၀၄၀ ကျပ်ရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရပြီး ယင်းအခြေအနေမှာ အရင်းအောက် လျှော့ရောင်းနေသည့်ပုံစံဖြစ်ပြီး တစ်နှစ်တာအတွင်း ထိုကဲ့သို့ ရက်များစွာရှိနေရာ ဈေးကွက်အတွင်း အပြိုင်အဆိုင် လျှော့ချရောင်း ချနေခြင်းများကြောင့် ဆီလုပ်ငန်းရှင်များအနေဖြင့် တစ်နှစ်တာအတွင်း ရှုံးသည့်ရက်ပိုများခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်တို့ စက်သုံးဆီ ဈေးနှုန်းပေါ့နော်။ ဘယ်အပေါ်မှာ မူတည်ရလဲဆိုတော့။ ကျွန်တော်တို့ ရောင်းကုန်ပေါ့။ ရောင်းကုန် ပစ္စည်းဆိုတော့ ရောင်းကုန်ပစ္စည်းရဲ့ အရင်းပေါ်မှာပဲ မူတည်ပါတယ်။ ရောင်းကုန်တန်ဖိုးရဲ့ အရင်းဆိုတာကလည်း ဒေါ်လာဈေးပေါ်မှာလည်း မူတည်ပါတယ်။ နိုင်ငံခြားဆီဈေးပေါ် မှာလည်း မူတည်ပါတယ်။ အဲဒီ ဒေါ်လာဈေးနဲ့ နိုင်ငံခြားဆီဈေးနဲ့ပေါ်မှာမူတည်ပြီး တွက်ချက်ပြီးတော့ ထွက်ပေါ်လာတဲ့ ရောင်းကုန်ပစ္စည်းရဲ့ တန်ဖိုးတွေဆိုတာ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့ ရောင်းတာက မြန်မာငွေနဲ့ ရောင်းရတယ်။ နိုင်ငံခြားကနေ တင်သွင်းပြီးရောင်းရတယ်။ အဲဒီတော့ စက်သုံးဆီဈေးတွေရှိလာတယ်။ အဲဒါကို ကျွန်တော်တို့က မြန်မာငွေနဲ့ ရောင်းရတာပါ။ အဲဒီ နှစ်ခုစလုံးကိုတွက်ချက်ပြီးတော့ မြန်မာငွေနဲ့ တွက်ချက်ပြီးတော့ ရောင်းတာပါ။ သူ့အလိုလို ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းဖြစ်လို့ ကျွန်တော်တို့ ၀င်ရောက်ထိန်းသိမ်းရမယ့် အခြေအနေမျိုးလည်း မဟုတ်ပါဘူး။ ဖန်တီးထားတဲ့ ဈေးနှုန်းတွေ မဟုတ်ပါဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။ 

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများကို ၀င်ရောက်ထိန်းကွပ်ထားသည့် အခြေအနေမျိုးမရှိဘဲ အမြတ်အား လက်ကား နှစ်ရာခိုင်နှုန်းနှင့် လက်လီ လေးရာခိုင်နှုန်းထက် မပိုရန်အတွက် ဈေးကွက်အတွင်း ထိန်းချုပ်ထားခြင်းမျိုးသာရှိပြီး နောက်ပိုင်းတွင်မူ အရင်းအောက် လျှော့ချရောင်းချနေခြင်းကို ညှိနှိုင်းရန်အ တွက်ရှိကြောင်း သိရသည်။ 

“လက်ကားရောင်းတဲ့ဈေးကိုတော့ ထိန်းကွပ်ထားတာ တစ်ခုပဲရှိတယ်။ အခုလိုအရှုံးခံ ရောင်းတာကို မပြောလိုဘူး။ အမြတ်ကိုတော့ Two Percentage ထက်မပိုပါနဲ့လို့ ထိန်းကွပ်ထားပါတယ်။ လက်လီဆို လေးရာခိုင်နှုန်းပေါ့။ ဒီနေ့တော့ အရင်းအောက်ကို လျှော့ရောင်းနေတာကိုတော့ ညှိနှိုင်းဖို့ လုပ်နေပါတယ်” ဟု ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။ 

ဇွန် ၁၁ ရက်တွင် ရှိခဲ့သည့် ဒေါ်လာဈေးသည် ၁၃၄၆ ကျပ်ဝန်းကျင်တွင်ဖြစ်သော်လည်း စက်တင်ဘာ ၂၀ ရက်တွင်မူ စံချိန်တင် မြင့်တက်မှုအဖြစ် ကျပ် ၁၆၅၀ အထိ ဒေါ်လာဈေး မြင့်တက်ခဲ့ပြီး နိုင်ငံခြားစက်သုံးဆီဈေးနှင့် ဒေါ်လာဈေးအပေါ် မူတည်တွက်ချက်နေရသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် စက်တင်ဘာ ၂၇ ရက်တွင် ၁၀၇၀ ဒသမ ၆၃ ကျပ်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီဖြန့် ဖြူးရောင်းချရေးအသင်းမှ သိရသည်။ 

Eleven

0 comments:

Post a Comment