Saturday, September 29, 2018

လက်ရှိအစိုးရအနေဖြင့် မိမိတို့လုပ်ခဲ့သည်များကို ရာနှုန်းပြည့် ဖြူ စင်ကြောင်း အာမခံနိုင်သလားဟုပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေး မေးခွန်းထုတ်


" လက်ရှိ NLDအစိုးရအနေဖြင့် မိမိတို့ လုပ်ခဲ့သည့် အလုပ်များကို ရာနှုန်းပြည့်ဖြူ စင်ပါသည်ဟု အာမခံနိုင်သ လား" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက မေးခွန်းထုတ်ပြောကြားလိုက်သည်။ 
စက်တင်ဘာလ ၂၈ရက်က ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ယင်းသို့ မေးခွန်းထုတ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

'' ဒီနေ့ပြည်သူလူထုက တင်မြှောက်လိုက်တယ်ဆိုတဲ့ အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးတာဝန်တွေကို ကိုင်တွယ်ကျင့်သုံးနေသောပုဂ္ဂိုလ်များ ၊ မိမိတို့လုပ်ခဲ့တဲ့ အလုပ်တွေကို ရာနှုန်းပြည့် ဖြူ စင်ပါတယ်လို့ အာမခံနိုင်ရဲ့လား၊ ကျွန်တော်က မေးခွန်းထုတ်လိုပါတယ်'' ဟု ဦးသန်းဌေးက ပြောကြားသည်။ 

ထိုပြင် ဦးသန်းဌေးက ၎င်းတို့အား သိက္ခာချနေသည့် နောက်ကြောင်းမပြန်ရဆိုသည့်ဥပဒေကို လက်ရှိအစိုးရအနေဖြင့် မိမိတို့ လက်ထက်တွင် ရုတ်သိမ်းလိုက်ဖို့ အစီစဉ်ရှိပါသလားဟုလည်း ထပ်မံမေးခွန်းထုတ်သည်။ 

'' အတိတ်က စစ်ဗိုလ်အဟောင်းတွေပဲပြောပြော၊ပြည်ခိုင်ဖြိုးပါတီအစိုးရလို့ပဲပြောပြော၊ကျွန်တော်တို့က ဘာလုပ်ပါတယ် ညာလုပ်ပါတယ်။ တိုင်းပြည်ရဲ့ပစ္စည်းတွေကို ဘယ်လိုလုပ်ခဲ့ပါတယ်လို့ ပြောရင်၊ဒီနေ့တာဝန်ရှိသူများ၊ ကျွန်တော်တို့ကို သိက္ခာချနေတဲ့ နောက်ကြောင်း မပြန်ရဆိုတဲ့ ဥပဒေကို မိမိလက်ထက်မှာကော အဲဒီဥပဒေကြီးကို ရုတ်သိမ်းလိုက်ဖို့ အစီစဉ်ရှိပါသလား'' ဟု ဦးသန်းဌေးက ပြောကြားသည်။ 

နောက်ကြောင်းမပြန်ရ ဥပဒေနှင့်ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်သာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ဥပဒေများ၊နည်းဥပဒေများ၊စည်းမျဉ်းများ၊အမိန့်ပြန်တမ်းများ၊ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊တာဝန်များနှင့်ရပိုင်ခွင့်များကိုလည်းကောင်း ၊ဆက်ခံသည့် ယင်းအဖွဲ့ သို့မဟုတ်အဖွဲ့ဝင်တစ်ဦးဦးသို့မဟုတ်အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏တာဝန်အရ ဆောင်ရွက်ချက်များအပေါ်အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆို ခြင်း အရေးယူခြင်းမရှိစေရဟု ပြဌာန်းထားသည်။ 

အတိုက်အခံပါတီဥက္ကဋ္ဌက မိမိကိုယ်မိမိတာဝန်ယူသည်ဆိုပါက မည်သည့်အတွက်ကြောင့် ၅၉ (စ)ကို သဲကြီးမဲကြီးပြင်ချင်တာလည်းဟုလည်းဆက်လက် မေးခွန်းထုတ်သည်။ 

" ကိုယ့်ကိုကိုယ် တာဝန်ယူတယ်ဆိုရင် ဘာဖြစ်လို့ သဲကြီးမဲကြီး ၅၉ (စ) ပဲ ပြင်ချင်တာလည်း၊ ဂုဏ်သိက္ခာရှိသောပုဂ္ဂိုလ်များအနေနဲ့တို့ကာလမှာနောက်ကြောင်းပြန်ဥပဒေ မရှိစေရဘူးဆိုပြီးဖျက်လိုက်ပါလား '' ဟု ဦးသန်းဌေးက ပြောကြားသည်။ 

ဦးသန်းဌေးလူထုတွေ့ဆုံပွဲလုပ်ခဲ့သည့်အုတ်တွင်းမြို့နယ်သည် လာမည့် နိုဝင်လာလ ၃ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီးလွှတ် တော် လစ်လပ်မဲဆန္ဒနယ်လည်းဖြစ်ပြီး အဆိုပါ မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

အောင်ရဲနောင် 

The Ladies News

0 comments:

Post a Comment