Thursday, September 27, 2018

မြန်မာဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဆီးနိတ်အမတ် မက်ကော်နယ်တို့ ရခိုင်အရေး ဆွေးနွေး


၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ အမေရိကန်အထက်လွှတ်တော် ဆီးနိတ်အမတ် မစ်ခ်ျမက်ကော်နယ်နဲ့ ဝါရှင်တန်မှာ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံဆွေးနွေးပါတယ်။ 
တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ရီပတ်ဘလစ်ကန်ပါတီက ကန်တက်ကီပြည်နယ် ဆီးနိတ်အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်ဟာ အထက်လွှတ်တော် လူများစုခေါင်းဆောင်တဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက်အားပေးထောက်ခံ စည်းရုံး ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ 

ခုလို မြန်မာဝန်ကြီးနဲ့ ဆီးနိတ်အမတ်တို့ တွေ့ဆုံချိန်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှုဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ကြားနာပွဲ ကျင်းပချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ မနေ့ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနဲ့ နယူးယောက်မှာ တွေ့ဆုံဆွေးနွေးခဲ့သလို ဒီကနေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စား မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။

ဓာတ်ပုံ - MOFA 
DVB   

0 comments:

Post a Comment