Tuesday, September 4, 2018

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ တရုတ်နိုင်ငံ၌ ယနေ့တွေ့ဆုံမည်


အစိုးရငြိမ်းချမ်းရေး ကော်မရှင်တာဝန်ရှိသူများနှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ ဖြစ်သော တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)နှင့် ရခိုင် အဖွဲ့ (AA)တာဝန်ရှိသူများသည် စက်တင်ဘာ ၅ ရက်တွင် တရုတ် နိုင်ငံ၌ တွေ့ဆုံမည်ဖြစ်သည်။ 
ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ကော်မ ရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)ပါဝင်သည့် အဖွဲ့သည် မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံရန် တရုတ်နိုင်ငံသို့ သွားရောက်ပြီဟု သိရသော်လည်း အတည်မပြုနိုင် သေးကြောင်း တိုင်းရင်းသားအ ရေးလေ့လာသူ ဦးမောင်မောင်စိုး က ပြောသည်။ 

‘‘မနက်ဖြန်တွေ့မယ်။ သွား နေပြီဆိုတာတော့ ပြောနေကြ တယ်’’ဟု ဦးမောင်မောင်စိုးက စက်တင်ဘာ ၄ ရက်တွင် ပြော ကြားသည်။ 

TNLA, MNDAA နှင့် AA သည် ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရန် သြဂုတ်လကုန်က ကော်မရှင်သို့ ဆက်သွယ်ခဲ့သည်။ 

ဇူလိုင်အတွင်း နေပြည်တော် ၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံတတိယအစည်းအဝေးသို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များတက်ရောက်စဉ် ကော်မရှင် နှင့် TNLA, MNDAA နှင့် AA ကိုယ်စားလှယ်များတွေ့ဆုံပြီး မကြာ ခဏ ဆွေးနွေးညှိနှိုင်းရန် စီစဉ်ခဲ့ သည်။ 

ထို့နောက် သြဂုတ် ၁၁ ရက် တွင် ကော်မရှင်နှင့် အဆိုပါလက် နက်ကိုင်သုံးဖွဲ့တွေ့ဆုံရန် ချိန်းဆို သော်လည်း ကော်မရှင်ဘက်က မအားလပ်၍ ဆွေးနွေးပွဲကို ရွှေ့ ဆိုင်းခဲ့ရာ ရက်ပေါင်း ၂၀ ကျော် အကြာ စက်တင်ဘာ ၅ ရက်တွင် တရုတ်နိုင်ငံ၌ တွေ့ဆုံရန် ထပ်မံ စီစဉ်ခြင်းဖြစ်သည်။ 

TNLA, MNDAA နှင့် AA ခေါင်းဆောင်များသည် ဇူလိုင်လ အတွင်း ၎င်းတို့၏ နေပြည်တော် ခရီးစဉ်၌ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရာတွင် တပ်မတော်နှင့် TNLA, MNDAA နှင့် AA တို့အ ကြားဖြစ်ပွားနေသည့် တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရေးနှင့် နိုင်ငံ ရေးဆွေးနွေးမှုများ ရှေ့ဆက်နိုင် ရေး ဆွေးနွေးရန် စီစဉ်ထားသည် ဟု TNLA သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ခံ မိုင်းအိုက်ကျော် က သြဂုတ်အတွင်း ပြောကြား ထားသည်။ 

TNLA, MNDAA နှင့် AA သည် ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA)ဦးဆောင်သည့် ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC)အဖွဲ့ဝင် များဖြစ်ရာ ၎င်းတို့၏တွေ့ဆုံပွဲ တွင် FPNCC ၌ အဖွဲ့ဝင်များ သက် သေအဖြစ် တက်ရောက်ရန် လို လားသည်။ သတင်းများအရ တွေ့ ဆုံပွဲသို့ UWSA နှင့် KIO မှ ကိုယ် စားလှယ်များ အသိသက်သေအ ဖြစ် ပါဝင်နိုင်ဖွယ်ရှိသည်ဟု ဆို သည်။ 

ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကော်မရှင်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စား လှယ်များထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။ 

သို့ရာတွင် UWSA လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က အစိုးရနှင့် မြောက်ပိုင်းအဖွဲ့ များ တွေ့ဆုံနိုင်ရန် ညှိနှိုင်းနေ သည်ဟု စက်တင်ဘာ ၂ ရက်တွင် ပြောကြားထားသည်။ 

FPNCC အဖွဲ့ဝင်များသည် ‘ဝ’အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO)၊ ရှမ်းအဖွဲ့ (SSPP)၊ မိုင်း လားအဖွဲ့ (NDAA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA)တို့ဖြစ် သည်။ 

၂၁ ရာစုပင်လုံတတိယအ စည်းအဝေးအပြီးတွင် မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံပြီး ယင်းအဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးစာချုပ်(NCA)တွင် ပါဝင်လာ ရေးညှိနှိုင်းရန် အစိုးရဘက်က စီစဉ်ထားသည်။

7Day


0 comments:

Post a Comment