Thursday, September 27, 2018

ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး ကြိုးပမ်းသွားမည်ဟု NLD ကြေညာ




ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအသစ်ထူထောင်ရေး လုံးဝအောင်မြင်သည်အထိ ကြိုးပမ်းသွားရန် သန္နိဋ္ဌာန်ပြုထားကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကကြေညာလိုက်သည်။ 
ရန်ကုန်မြို့ ရွေဂုံတိုင်တွင်ရှိသည့် NLD ပါတီဌာနချုပ်၌ စက်တင်ဘာ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပါတီတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။ 

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ပေါင်း ၃၀ ကြာပုလဲရတုဖြတ်သန်းမှုအပေါ် စဉ်းစားဆင်ခြင် သုံးသပ်လျှက် မည်သည့်အခက်အခဲတွေ ကြုံတွေ့ရငြားလည်း မိမိ၏ နိုင်ငံရေးခံယူချက်မှ သွေဖီသွားမည် မဟုတ်ဘဲ ပြည်သူနဲ့အတူ စုပေါင်းခွန်အားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ်ထူထောင်ရေး လုံးဝ အောင်မြင်သည်အထိကြိုးပမ်းသွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုကြေညာလိုက်ရပေသည်” ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသိန်းဦး ကပြောသည်။ 

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးဆောင်နေပြီး ပြည်သူလူထု၏ ခွန်အားဖြင့် ရည်မှန်းချက်များကိုအကောင်အထည်ဖော်သွားမည်ဟုလည်း ပါတီဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကပြောသည်။ 

“ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့သာ ငြိမ်းချမ်းခြင်းနဲ့ လူသားတွေကို ဆက်လက် ရှင်သန်ခြင်းပြဿနာကို အခြေခံကျကျ ဆုံးခန်းတိုင် ဖြေရှင်းနိုင်ဖို့အတွက် အာမခံချက်ပေးနိုင်မယ်လို့ အလေး အနက်ယုံကြည်ပါတယ်။ ဒါမှသာ ငြိမ်းချမ်းခြင်းနဲ့ တောက်ပတဲ့အလင်း ရောင်တွေကို ပြည်သူများ သိမြင် ခံစားနိုင်အောင် ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်” ဟု ဦးဥာဏ်ဝင်းက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။ 

ထို့အပြင် မည်သည့်လူမျိုးကိုမှ အထူးအခွင့်အရေးပေးမည်မဟုတ်ဘဲ လူမျိုးနွယ် လူမျိုးစုအားလုံး ခံစား အပ်သော အခွင့်အရေးအားလုံးကို ချုပ်ချယ်မှုမပြု စေရေးဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပါတီဝင်များ၊ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ နိုင်ကျဉ်းအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော နိုင်ငံတကာမှ သံတမန်များတက်ရောက်ခဲ့ကြသည်။

မဇ္ဈိမ

0 comments:

Post a Comment