မြန်မာနိုင်ငံက လူငယ်နည်းပညာရှင်များ ပူးပေါင်းပြီး ဖန်တီးထားသည့် ဖေ့ဘုတ်ကဲ့သို့ တစ်ကမ္ဘာလုံး အသုံးပြုနိုင်မည့် OKPAR Social Network Beta Version ကို စက်တင်ဘာ ၂၇ ရက်နေ့တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း OKPAR Team မှ တာဝန်ရှိသူ ဦးငြိမ်းမင်းဦးကပြောကြားသည်။
ချက်ထရီယမ်ဟိုတယ်တွင် စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော OKPAR Social Network Beta Version မိတ်ဆက်ပွဲ အခမ်းအနားတွင် ဦးငြိမ်းမင်းဦးက ယခုလက်ရှိ OKPAR Social Network Beta Version ကို Android အသုံးပြုသူများအနေဖြင့် Download လုပ်ပြီး စတင်အသုံးပြုနိုင်ကာ iOS အသုံးပြုသူများအနေဖြင့် တစ်ပတ်အတွင်း အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း အသိပေးလိုက်သည်။
“လက်ရှိ ဆာဗာတွေကို သိမ်းဖို့ ကိုယ်ပိုင်ဒေတာစင်တာ တည်ဆောက်သွားပါမယ်။ အခုကတော့ ကိုယ်ပိုင်ဒေတာစင်တာ မပြီးသေးလို့ အခြားဒေတာစင်တာတစ်ခုမှာ ထားထားပါတယ်။ အခုစမ်းသပ်ကာလကို သုံးလသတ်မှတ်ထားပြီး သတ်မှတ်ကာလမှာ ပြီးပြည့်စုံတဲ့ Social Network ဖြစ်အောင် အကောင်းဆုံးကြိုးစားနေပါတယ်။ လက်ရှိ အားသာချက်က ပစ္စည်းတွေရောင်းလို့ရတယ်။ အခြား Social Network တွေနည်းတူ Like & Share နဲ့ Comment တွေပေးလို့ ရပါတယ်”ဟု ဦးငြိမ်းမင်းဦးကပြောသည်။
အကောင့်သစ်ဖွင့်ကာ စတင်အသုံးပြုမည်ဆိုပါက https://www.okpar.com ကိုဝင်ရောက်ကာ အသုံးပြုနိုင်ပြီး ဖောင့်အနေဖြင့် ဇော်ဂျီဖြင့် အဓိက အသုံးပြုနိုင်ရန် စီစဉ်ထားကာ လက်ရှိတွင် browser နှင့်အသုံးပြုနိုင်သလို App ကို ဒေါင်းလော့ဆွဲအသုံးပြုနိုင်မည်ဖြစ်သည်။
အသုံးပြုသူအနေဖြင့် ကိုယ်ပိုင်အကောင့်ကို Mobile ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်နိုင်သလို Email လိပ်စာဖြင့်လည်း အကောင့်ပြုလုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ယင်း Social Network တွင် ကိုယ်ပိုင် Profile များအပြင် စီးပွားရေးအသုံးပြုနိုင်မည့် Page များကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။
အကောင့်အတုများကိုလည်း OKPAR Support Page သို့ Screen Shot များပြသပြီး တိုင်ကြားနိုင်ကြောင်းနှင့် ယင်းအကောင့်ကို ၂၄ နာရီအတွင်း ဖြုတ်ချပေးသွားမည်ဖြစ်ကြောင်း OKPAR Team ထံမှ သိရသည်။
OKPAR Social Network Beta Version တွင် Facebook ကဲ့သို့ သူငယ်ချင်း အယောက်ငါးထောင်အထိသာ လက်ခံရမည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ သူငယ်ချင်း အကန့်အသတ်မရှိ လက်ခံနိုင်ပြီး Like အပြင် Unlike လည်း ပေးနိုင်ကြောင်း OKPAR Team ထံမှ သိရသည်။
The Voice
0 comments:
Post a Comment