မန္တလေးမြို့ တောင်မန်အင်းအနီး နှစ်စဉ်ကျင်းပသည့် တောင်သမန် ဘိုးဘိုးကြီးနတ်ပွဲတွင် စက်တင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းက ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူခုနစ်ဦးထိခိုက်ဒဏ်ရာရ၍ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း တောင်သမန်ဒေသခံများထံမှ သိရသည်။
တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲ ချိုးရေတော်သုံးပွဲ ကျင်းပသည့်နေရာတွင် တောင်သမန်ကျေးရွာမှ လှေသမားများနှင့် ရွာသစ်ကျေးရွာမှ လှေသမားများ စကားများရာမှ အပြန်အလှန် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း တောင်သမန် ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။
“ရေလယ်မှာ ဘိုးဘိုကြီးဖော်တော်ကိုဆွဲရင်း ရန်စဖြစ်ကြတာ။ ရွာသစ်ဘက်ကိုရောက်တော့ ကမ်းစပ်မှာ ထိန်းမရတော့ဘဲ ရိုက်ကြနှက်ကြ ဖြစ်ကုန်ကြတာ။ ဒဏ်ရာရသွားတဲ့လူများတယ်”ဟု ၎င်းက ရှင်းပြသည်။
ရိုးရာဓလေ့အရ တောင်သမန်တွင်ဦးတိုက်ပြီး ဘိုးဘိုးကြီးပုံတော်နှင့် ချိုးရေတော်သုံးကြစဉ် တောင်သမန်အင်းမှ လှေသမားများနှင့် ရွာသစ်ကျေးရွာမှ လှေသမားများ ခိုက်ရန်ဖြစ်ကြခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးကုသပေးနေရပြီး ပါဝင်သူများကို အရေးယူနိုင်ရန် စစ်ဆေးနေပြီဖြစ်ကြောင်း အမရပူရမြို့မရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။
တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲသည် နှစ်စဉ်ကျင်းပသည့် ရိုးရာနတ်ပွဲဖြစ်ပြီး တောင်သမန်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့အပြင် အနီးအနားမှရွာများလည်း လာရောက်လေ့ရှိသော ဒေသခံများယုံကြည် ကိုးကွယ်ရာ ပွဲတော်တစ်ခုဖြစ်သည်။
The Voice
0 comments:
Post a Comment