Sunday, June 2, 2019

အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားခံရသည့် အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေကြေးအလွဲသုံးစားမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ထန်းတော်အင်းစပ် မြို့ပတ်လမ်း ရွှေဝါရောင်ရေတွင်း Poor Care Team ပရဟိတဂေဟာ ရုံးတွင် ဇွန် ၂ ရက် နံနက်ပိုင်းက အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားခံရသည့် အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေ ကြေးအလွဲသုံးစားမှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
၂၀၁၅ -၂၀၁၆ ခုနှစ်တွင် အလှူခံရရှိ ငွေ ကျပ်သိန်း ၄၀ ကျော်ရရှိခဲ့ပြီး သို့သော်ဂေါပကအဖွဲ့၏ ရှင်းတမ်းထဲတွင် ဖော်ပြထားခြင်းသည် တစ်သိန်းနှင့်လေးသောင်းဖော်ပြထားကြောင်း သိန်း ၄၀ ကျော်မှာ စာရင်းထဲတွင် ပျောက်ဆုံးနေကြောင်း ၂၀၁၇ -၂၀၁၈ ခုနှစ်တွင် လျှပ်စစ်မီး အလှူခံရရှိငွေ သိန်း ၆၀ ကျော် ရရှိခဲ့ကြောင်း ၂၀၁၇ -၂၀၁၈ခုနှစ်စာရင်းရှင်းတမ်းထဲတွင် ယင်းငွေအားဖော်ပြထားခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူ ဦးဝင်းနိုင်(ခ)ဦးအောင်ဝင်းဦး ဆိုသည်။ 
“၂၀၁၅ -၂၀၁၆ ခုနှစ်မှာတော့ အလှူခံလို့ရတာက လေးဆယ်သုံးသိန်းနဲ့ငါးထောင်ပါ။ ဒါပေမဲ့ သူတို့ရှင်းတမ်းထဲမှာ ဖော်ပြထားတာက တစ်သိန်းနဲ့လေးသောင်းထဲမှာ သိန်း ၄၀ ကျော်ကျော်ဟာ စာရင်းထဲမှာပျောက်နေတယ်။ နောက်တစ်ခုကတော့ ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ လျှပ်စစ်မီး အလှူခံလို့ရတဲ့ငွေကတော့ သိန်း ၆၀ ကျော် ရခဲ့ပါတယ်။ အဲဒီငွေကိုတော့ ၂၀၁၇ -၂၀၁၈ ခုနှစ်ရဲ့ ရှင်းတမ်းထဲမှာ အဲဒီငွေကို ဖော်ပြထားခြင်းမရှိပါဘူး။ လမ်း၊ အဆောက်အအုံ၊ အလှူငွေ၊ လေလံအလွဲသုံးစားမှုတွေနဲ့ ပတ်သက်လို့ အဂတိတိုက်ဖျက်ရေးအဖွဲ့ကိုလည်း တိုင်ကြားထားတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မုံရွာလာတုန်းကလည်း တိုင်ကြားထားပြီးပါပြီ” ဟု ဦးဝင်းနိုင်(ခ)ဦးအောင်ဝင်းဦး ဆက်လက် ပြောကြားသည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် မတ်၂၉ ရက် ရက်စွဲဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားစာ စိစစ်ပြန်ကြားပေးနိုင်ပါရန် လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပြန်လည်အကြောင်း ကြားသည့်စာထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်သာ စိစစ်အရေးယူ ဆောင်ရွက်ရန် သင့်လျော်သည့်ကိစ္စဖြစ်သည်ဟု ပါရှိသည်ကို သိရသည်။ 

Eleven Media Group

0 comments:

Post a Comment