Wednesday, June 26, 2019

ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း ခြောက်သောင်းနီးပါးအသုံးပြုရန် လျာထား

မန္တလေးတိုင်းဒေသကြီးအတွင်း လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ငါးသောင်းခုနစ်ထောင်ကျော် အသုံးပြုရန် လျာထားကြောင်း ဇွန်လ ၂၆ ရက်နေ့က တိုင်းလွှတ်တော်တွင် အတည်ပြုလိုက်သည့် ဘဏ္ဍာငွေရသုံး ခန့်မှန်းခြေ ငွေစာရင်းအရ သိရသည်။ 
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၂၇၁၈၆ ဒသမ ၂၄၉ သန်း၊ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ၁၆,၄၃၇ ဒသမ ၉၈၃ သန်း၊ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျပ်သန်းပေါင်း ၈၃၄၄ ဒသမ ၁၁၆ သန်းကို လျာထားသည်။ 

ယင်းအပြင် တိုင်းဒေသကြီးအတွင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ကမ်းပါးပြိုမှုကာကွယ်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၅၃၀၉ ဒသမ ၁၀၀ သန်းနှင့် သစ်တောစိုက်ခင်းများ ထူထောင်ရေးလုပ်ငန်းအတွက်လည်း ကျပ်သန်းပေါင်း ၄၄၄ ဒသမ ၇၃၅ သန်းကိုလျာထားကြောင်း အစိုးရအဖွဲ့ထံမှသိရသည်။ 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေး၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နှစ်စဉ် တိုးမြှင့်သုံးစွဲခဲ့ကြောင်း စာရင်းများအရ သိရသည်။

The Voice

0 comments:

Post a Comment