Sunday, June 2, 2019

နိုင်ငံခြောက်ခုမှ ခရီးသွားများ ဆိုက်ရောက်ဗီဇာဖြင့် ရက် ၃၀ နေခွင့်ပြုမည်


မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုတိုးတက်ရန် အီတလီ၊ စပိန်၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ရုရှားနိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 
အဆိုပါနိုင်ငံများ၏ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ကာ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှာဖြစ်ပြီး စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည်။ 

ယင်းနိုင်ငံခြားသားများအနေနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ဆိုက်ရောက်ဗီဇာကြေးကို အမေရိကန်ဒေါ်လာ ၅၀ သတ်မှတ်ထားသည်။ 

အဆိုပါ ဗီဇာရရှိသူများသည် မြန်မာနိုင်ငံ၏ ကန့်သတ်နယ်မြေများမှအပ ကျန်နယ်မြေများကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ပြီး လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ခွင့်ပြုသည့်ခရီးသွားများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းဆိုက်ရောက်ဗီဇာကို ကမ္ဘာလှည့် ဗီဇာ (တိုးရစ်ဗီဇာ) တစ်မျိုးတည်းဖြင့် အလည်အပတ် ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။ 

မြန်မာနိုင်ငံအတွင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ဂျပန်နိုင်ငံ၊ တောင်ကိုးရီယားနိုင်ငံ၊ မကာအိုနှင့် ဟောင်ကောင်တို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို ဆိုက်ရောက်ဗီဇာခွင့်ပြုလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ပြည့်ဖြိုးမြင့်မွန်
The Voice

0 comments:

Post a Comment