Wednesday, June 26, 2019

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိရာမှ ကွင်းဆက်များနှင့် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများဖြင့် ဖမ်းမိရာမှ ကွင်းဆက်များ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၂၆ ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါ ဖြစ်စဉ်မှာ ဇွန်၂၃ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် Cathay Dragon Airlines ဖြင့် ဟောင်ကောင်လေဆိပ်သို့ လိုက်ပါမည့် ဝမ်းတွင်းမြို့နယ်၊ ညီနောင်ရပ်ကွက်နေ ဝင်းသူနိုင် (၂၅ နှစ်) ၏ ခရီးဆောင်အိတ်ကို X-Ray ဖြတ်သန်း စစ်ဆေးစဉ် အိတ်အတွင်းမှ ဘိန်းဖြူ ၂၀၀၀ ဂရမ် စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
ထို့နောက် စစ်ဆေး ဖော်ထုတ်ချက်အရ ၎င်းသည် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ ကျိုင်းတုံမြို့၊ (၅)ရပ်ကွက်နေ ရဲမင်း (၂၅ နှစ်) ၏ မိတ်ဆက်ပေးမှုဖြင့် လှကြိုင် (၂၆ နှစ်) (ပြည်တွင်းလေကြောင်းလိုင်းတွင် လေယာဉ်မောင် လုပ်ကိုင်နေပြီး ၂၀၁၉ မတ်လက အလုပ်မှ ထွက်ထားသူ) နှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ဘိန်းဖြူများကို လှကြိုင်က ရန်ကုန်လေဆိပ်သို့ လာရောက်ပေးပို့ပြီး ဟောင်ကောင်သို့ ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း၊ ထွက်ဆိုသဖြင့် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာအိမ်ရာဝင်းရှိ လှကြိုင် ခေတ္တတည်းခိုနေထိုင်ရာ နေအိမ်သို့ ဆက်လက် စစ်ဆေးရှာဖွေရာ လှကြိုင်အား ICE ၁၈၀၀ ဂရမ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Cabin Crew တာဝန်ဖြင့် ဝင်/ထွက်ခွင့် ကတ်ပြား တစ်ခု၊ လှကြိုင်အမည်ပါ ပတ်စ်ပို့စာအုပ် သုံးအုပ်၊ ၀ါဝါအိရွှေ (ခ) ရှန်ဖအမည်ပါ ပတ်စ်ပို့စာအုပ် တစ်အုပ်၊ Nissan Sunny မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
ထို့သို့ ကွင်းဆက် ထပ်မံဖော်ထုတ်ချက်အရ ၀ါဝါအိရွှေ (ခ) ရှန်ဖ (၂၆ နှစ်) တည်းခို နေထိုင်နေသည့် ဗဟန်းမြို့နယ်ရှိ Royal Platinum Hotel ၊ အခန်း ၃၀၃ သို့ စစ်ဆေးရှာဖွေရာ ၎င်းနှင့်အတူ ယွန်းဟေမာန် (၂၄ နှစ်) ကို တွေ့ရှိပြီး အခန်းအတွင်းမှ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ICE ၀ ဒသမ ၄ ဂရမ်၊ ကတ်တမင်းအမှုန့် ငါးဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်တရားခံ တစ်ဦးဖြစ်သူ ရဲမင်းသည် ဇွန် ၂၂ ရက်ကတည်းက Cathay Dragon လေကြောင်းလိုင်းဖြင့် ဟောင်ကောင်သို့ ကြိုတင် ထွက်ခွာသွားကြောင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချပေးရန် ခိုင်းစေစီစဉ်သူမှာ မြန်မာနိုင်ငံသို့ ခေတ္တ လာရောက်သည့် နီပေါနိုင်ငံသား Mr. AashishGurung (၃၇ နှစ်) ဖြစ်ကြောင်း သိရသဖြင့် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး တောင်ရပ်ကွက်ရှိ Platinum Square Hotel တွင် ၎င်းအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့သည် အချင်းချင်း ချိတ်ဆက်၍ မူးယစ်ဆေးဝါးများကို တာချီလိတ်မှ တစ်ဆင့်ဝယ်ယူပြီး ရန်ကုန်သို့ သယ်ဆောင်ပြီး ရန်ကုန်မှ တစ်ဆင့် ဟောင်ကောင်သို့ပို့ရန် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဇွန် ၂၅ ရက်တွင် ဟောင်ကောင်သို့ ကြိုတင် ထွက်ခွာသွားသူ ရဲမင်းမှာ ဟောင်ကောင်မှ ရန်ကုန်လေဆိပ်သို့ ပြန်လည် ဝင်ရောက်လာသဖြင့် စိစစ်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ 
ယင်းသို့ ဖမ်းဆီးရမိသည့် ဝင်းသူနိုင်၊ လှကြိုင်၊ ၀ါဝါအိရွှေ (ခ) ရှန်ဖ၊ ယွန်းဟေမန်၊ ရဲမင်းနှင့် Mr. AashishGurung တို့ ခြောက်ဦးကို မင်္ဂလာဒုံမြို့မရဲစခန်း၊ ဗဟန်းမြို့မရဲစခန်းတို့၌ ဥပဒေနှင့်အညီ ဖမ်းဆီး အမှုဖွင့် အရေးယူထားကြောင်းနှင့် ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

Eleven Media Group 

0 comments:

Post a Comment