Monday, August 5, 2019

ပါရှန်ပင်လယ်ကွေ့အတွင်း မှောင်ခို လောင်စာသင်္ဘောတစီးကို အီရန် ဖမ်းဆီး

ပါရှန်ပင်လယ်ကွေ့အတွင်း လောင်စာတွေ မှောင်ခိုသယ်ဆောင်လာတဲ့ နိုင်ငံခြားသင်္ဘောတစီးကို အီရန်တော်လှန်ရေး အစောင့်တပ်က ဖမ်းဆီးလိုက်ပါတယ်။

အဲဒီသင်္ဘောနဲ့အတူ သင်္ဘောသား ၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် သတင်းဌာနက သြဂုတ် ၄ ရက်မှာ ပြသခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ သင်္ဘောပေါ်မှာ လောင်စာဆီ လီတာ ၇ သိန်း သယ်ဆောင်လာတယ်လို့ အစောင့်တပ်ဖွဲ့ တပ်မှူးကို ကိုးကားပြီး သတင်းဌာနက ကြေညာပါတယ်။
ဒါပေမယ့် အဲဒီသင်္ဘောဟာ ဘယ်နိုင်ငံပိုင်ဖြစ်ပြီး သင်္ဘောသားတွေဟာ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကိုတော့ ပြောမထားပါဘူး။
အဲဒီသင်္ဘောကို အီရန်ပိုင် ဖာစီကျွန်းအနီးမှာ ကြားဖြတ်တားဆီးခဲ့တယ်လို့ ဖားစ်သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဟော်မုဇ် ရေလက်ကြား မြောက်ဘက်မှာရှိတဲ့ အဲဒီကျွန်းပေါ်မှာ အီရန်တော်လှန်ရေး အစောင့်တပ် ရေတပ်စခန်း ရှိပါတယ်။
အီရန်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဆီ လောင်စာမှောင်ခိုထုတ်တာကို ကုန်းလမ်းက တိုက်ဖျက်နေသလို ရေလမ်းကတဆင့် ပင်လယ်ကွေ့နိုင်ငံတွေဆီ မှောင်ခိုထုတ်နေတာကိုလည်း တားဆီးနေပါတယ်။
DVB

0 comments:

Post a Comment