Sunday, August 4, 2019

ရန်ကုန်မြို့တွင်း စမတ် ကားပါကင်စနစ်လုပ်ဆောင်ရန် တင်ဒါခေါ်မည်

ရန်ကုန်မြို့တွင်း ၆ မြို့နယ်ကို အပိုင်းအလိုက် စမတ်ကားပါကင်စနစ်တစ်ခုလုပ်ဆောင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ဩဂုတ်လ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းအချက်အလက်များ ထုတ်ပြန်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့တွင်း ၆ မြို့နယ်တွင် ကားပါကင်စနစ်များလုပ်ဆောင်ရန် စိတ်ဝင်စားသည့်ကုမ္ပဏီများကို တင်ဒါခေါ်ယူသွားရန်စီစဉ်နေကာ ပါကင်စနစ်ကိုစမ်းသပ်ရန် ပြင်ဆင်နေကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“မြို့လယ်ခေါင် ၆ မြို့နယ်ကို အပိုင်းခွဲပြီးတော့ တင်ဒါခေါ်ယူဖို့ ဆောင်ရွက်နေပါတယ်။ ပထမ Manual စနစ်နဲ့ ဖြတ်ပိုင်းဖြတ်ပြီးတော့ ပါကင်ကြေးကောက်တဲ့စနစ်နဲ့လုပ်ဖို့ ပြင်ဆင်ပေမယ့် ပြောင်းလဲလာတဲ့ခေတ်စနစ်အရ ကားပါကင်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအတွက်လည်း စိတ်ပါဝင်စားတဲ့ကုမ္ပဏီတွေကိုခေါ်ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာ တင်ဒါခေါ်ယူပြီး ကျွန်တော်တို့ အောင်မြင်မှုရလာတဲ့ကုမ္ပဏီကို အသိပေးပြီးဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ကားပိုင်ရှင်များအနေနှင့် လမ်းများပေါ်တွင် ကားများ ရပ်နားထားမှများက မဖြစ်သင့်ကြောင်းနှင့် ကားပါကင်ကြေးပေးကာ စနစ်တကျ ရပ်နားရမည့်စနစ်ကို အကောင်အထည် ဖော်သွားရမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုသည်။

“မဟာဗန္ဓုလမ်းတို့ အနော်ရထာလမ်းတို့မှာ ဘယ်တော့မှမရွှေ့တဲ့ ကားတွေတောင် တွေ့ရပါတယ်။ တစ်ခါမှမထွက်ဘူး။ အဲဒီကား အမြဲအဲဒီနေရာမှာရပ်ထားတယ်။ လမ်းဆိုတာ ကားတွေမောင်းနှင်ဖို့ ဖြစ်ပါတယ်။ ရပ်ထားတယ်ဆိုတာ ခဏတာ ရပ်တင်ချဖို့ပဲ ဖြစ်သင့်ပါတယ်”ဟု ၎င်းကဆိုသည်။
The Voice

0 comments:

Post a Comment