Tuesday, August 6, 2019

ကားဂိတ်ပို့ဆောင်ခိုင်းသည့် ခရီးသည်သုံးဦးအား ဆိုင်ကယ်တက္ကစီသမားများက ရိုက်နှက်ခြိမ်းခြောက်ကာ မတရားငွေတောင်းခံမှု မန္တလေးမြို့တွင်ဖြစ်ပွား

ကားဂိတ်ပို့ဆောင်ခိုင်းသည့် ခရီးသည်သုံးဦးအား ရိုက်နှက်ခြိမ်းခြောက်ကာ မတရားငွေတောင်းခံသည့် ဆိုင်ကယ်တက္ကစီသမားများအား ဖမ်းဆီးရမိစဉ်
ကားဂိတ်ပို့ဆောင်ခိုင်းသည့် ခရီးသည်သုံးဦးအား ဆိုင်ကယ်တက္ကစီသမားများက ရိုက်နှက်ခြိမ်းခြောက်ကာ မတရားငွေတောင်းခံမှုတစ်ခု သြဂုတ် ၅ ရက် နံနက် ၅ နာရီဝန်းကျင်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ နေပြည်တော် လယ်ဝေးမြို့နယ်တွင်နေထိုင်သည့် ဟိန်းမင်းလတ်၊ သူရဦးနှင့် သန်းလင်းဇော်တို့သုံးဦးသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှ လုပ်ငန်းလုပ်ကိုင်ပြီး မန္တလေးသို့ ပြန်လာခဲ့ရာ သီရိမန္တလာကားကြီးကွင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ရာ ကျွဲဆည်ကန်ကားကြီးကွင်းသို့ ပို့ဆောင်ရန် ဆိုင်ကယ်တက္ကစီငှားရမ်းမိရာမှ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့သုံးဦးအတွက် ဆိုင်ကယ်တက္ကစီ သုံးစီးကို တစ်စီးလျှင် ကျပ်၂၀၀၀ ဖြင့် ငှားရမ်းခဲ့ပြီး ကျွဲဆည်ကန်ကားကြီးကွင်းသို့ ပို့ခိုင်းခဲ့သော်လည်း ၇၇ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်း ကြားရှိ ငြိမ်းချမ်းကားဂိတ်သို့ ပို့ဆောင်ခဲ့ပြီး ယင်းဂိတ်သည်လည်း နေပြည်တော်သို့ ပို့ဆောင်ပေးသည်ဟု ဆိုင်ကယ်တက္ကစီသမားများက ပြောကြားခဲ့ကြောင်း၊ ထို့နောက် ယင်းဂိတ်တွင် နေပြည်တော်ကားလက်မှတ်ဝယ်ရာ ကျပ် ၁၂၀၀၀ ဟုဆိုသဖြင့် မဝယ်ဘဲ လှည့်ပြန်လာခဲ့ရာ ဆိုင်ကယ်တက္ကစီမောင်းသည့် အမျိုးသားလေးဦးအပြင် အခြားအမျိုးသားတစ်ဦးကလည်း ဆိုင်ကယ်တက္ကစီခ တောင်းခံခဲ့ကြောင်း၊ ခရီးသည်များက သုံးဦးစာ ငွေကျပ် ခြောက်ထောင်ပေးပြီးပြီဖြစ်ကြောင်း ပြောဆိုရာ ခရီးသည်များပေးသည့် ခြောက်ထောင်မှာ ဂိတ်ကြေးသာရှိသေးကြောင်း၊ လမ်းတစ်ပြလျှင် ကျပ်နှစ်ထောင်နှုန်းဖြင့် လမ်း ၁၈ ပြအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းနှစ်ထောင်ကျသင့်ရာ သုံးဦးစာ ကျပ် ကိုးသောင်းခြောက်ထောင် ပေးရမည်ဟု တောင်းခံခဲ့ကြောင်း၊ ခရီးသည်များက မပေးနိုင်ကြောင်းပြောဆိုခဲ့ရာ ၎င်းတို့ကို ဆောင့်တွန်းခဲ့သဖြင့် ဖုန်းဆက်ရန်လုပ်စဉ် “ကြိုက်တဲ့သူဆက်၊ ဒီနားမှာ ငါ့ထက်မိုက်တာမရှိဘူး။ တစ်ယောက်ချင်းထိုးမလား” ဟု ပြောဆိုခဲ့ရာ ကြောက်လန့်ပြီး ပါလာသည့် ငွေကျပ်ငါးသောင်းကျော်ကို ပေးဆောင်ခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။
ထိုသို့ဖြစ်ပွားပြီးမကြာခင် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်လေးဦးမှာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့မရဲစခန်း (အမှတ် ၈) သို့ ဆက်သွယ်မေးမြန်းခဲ့ရာ “တရားခံငါးဦးလုံးကို အခု အကုန်ဖမ်းမိပါပြီ။ အမှုဖွင့်အရေးယူ ဆောင်ရွက်ဖို့လုပ်နေပါတယ်” ဟု စခန်းမှူးဖြစ်သူ ဒုရဲမှူးရန်နိုင်စိုးက ပြောကြားသည်။
ထိုသို့ ခရီးသည်များအား ခြိမ်းခြောက်ပြီး ငွေများ မတရားတောင်းခံသူငါးဦးကို ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၆၁၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မန္တလေးမြို့တွင် ခရီးသွားဧည့်သည်များကို  ထိုကဲ့သို့ မတန်တဆငွေကြေးတောင်းခံခြင်း၊ မိုက်ကြေးခွဲသည့်သဘောမျိုး ခြောက်လှန့်တောင်းခံသည့်ဖြစ်စဉ်မျိုး ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment