Tuesday, August 6, 2019

ရွှေကျင် ရေဘေးရှောင်ပြည်သူ ၂၄၀၀ ကျော် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံ

Shwe Kyin Water float 1
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေတက်လာတာကြောင့် ရေဘေးရှောင်ပြည်သူ ၂၄၀၀ ကျော် ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သြဂုတ် ၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာခဲ့တာကြောင့် စစ်တောင်းမြစ်ရေနဲ့ ရွှေကျင်မြစ်ရေတို့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာခဲ့ပြီး သြဂုတ် ၃ ရက်နေ့က စတင်ကာ မြစ်ကမ်းနံဘေး ရပ်ကွက်ကျေးရွာတွေကို ရေစတင်ဝင်ရောက်ခဲ့တာပါ။
ခုချိန်မှာ အိမ်ထောင်စု ၄၈၀ ကျော်၊ လူဦးရေ ၂၄၀၀ ကျော်ဟာ နီးစပ်ရာ ဆွေမျိုးတွေအိမ်နဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ အရေးပေါ် ပြောင်းရွှေ့ပြီး ယာယီခိုလှုံနေရတာလို့ ဆိုပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “ကွပ်ကဲရေးရုံး ဖွင့်လှစ်ပြီးတော့ ကယ်ဆယ်ရေးစခန်း သတ်သတ်မှတ်မှတ် ထားပြီး ဆောင်ရွက်တဲ့ အစီအစဉ်တော့ မရှိသေးပါဘူး။ လာမယ့်ရက်တွေပေါ်မှာ မိုးရေချိန် မြစ်ရေချိန်ကို ကြည့်ပြီး အခြေအနေပေါ် မူတည်ပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်မယ်၊ မြို့နယ်ကွပ်ကဲရေးရုံးတွေ ဖွင့်ပြီး ထောက်ပံ့တဲ့ ကိစ္စတွေကို ဆောင်ရွက်နိုင်အောင် စီမံထားပါတယ်။”
မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်း ၉ ကျောင်း ပိတ်ထားခဲ့ရပြီ ရပ်ကွက်ကျေးရွာအုပ်စု ၁၀ အုပ်စုက ဒေသခံတွေ ရေဘေးဒဏ်ခံနေရပြီ နေထိုင်စရာနဲ့ သောက်သုံးရေ အခက်အခဲတွေ ရှိနေပါတယ်။
ရွှေကျင်မြို့ရဲ့ ရွှေကျင်မြစ်ရေ စိုးရိမ်ရေမှတ်ဟာ ၇၀၀ စင်တီမီတာဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့ ၈ နာရီခွဲ နောက်ဆုံးတိုင်းတာချက်အရ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၇၆၅ စင်တီမီတာကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းနေပြီး မိုးကြီး လေပြင်းတိုက်ခြင်းကြောင့် ရေကြီး မြေပြိုမှု အန္တရာယ် သတိပြုကြဖို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။
ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြို၊ ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါထယ်။
Shwe Kyin Water float 2
Shwe Kyin Water float 3
Shwe Kyin Water float 4
Shwe Kyin Water float 5
Shwe Kyin Water float 6
သတင်း – နေလင်းထိုက်
DVB

0 comments:

Post a Comment