
ဝေးလံခက်ခဲဒေသ၊ မြို့ပြနှင့် အနီးဝန်းကျင် ဆင်ခြေဖုံးများတွင်နေထိုင်ပြီးအကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့်မရသော ကလေးဦးရေ ပျမ်းမျှတစ်သိန်းဝန်းကျင်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ သိရသည်။
“မြန်မာနိုင်ငံမှာ တစ်နှစ်ကို ၁၀ နဲ့ ၂၀ ရာခိုင်နှုန်းကြားမှာ နှစ်စဉ်နှစ်စဉ် ကာကွယ်ဆေးမရတာမျိုးတွေရှိပြီး ယေဘုယျအားဖြင့် အုပ်စုနှစ်စုရှိပါတယ်။ တစ်စုကတော့ ဝေးလံခက်ခဲတဲ့နေရာတွေမှာနေတယ်။ ပဋိပက္ခတွေ ဖြစ်တဲ့နေရာတွေက ကလေးတွေရှိတယ်။ ကျွန်မတို့က အဲဒီလိုကလေးတွေရဲ့ တည်နေရာကို သေချာသိတယ်။ ဝန်ကြီးဌာနကလည်း အဲဒီနေရာက ကလေးတွေအတွက် ကာကွယ်ဆေးတွေရဖို့ကို ငွေအင်အား၊ လူအင်အား၊ နည်းဗျူဟာတွေနဲ့ ချဉ်းကပ်တယ်။ ဒုတိယအမျိုးအစားကကျတော့ မြို့ပေါ်တွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ၊ ဆင်ခြေဖုံးတွေမှာ ရွေ့လျားနေထိုင်တဲ့အုပ်စုတွေ။ ဒီအုပ်စုတွေက ပြန်ဝင်လာလိုက်၊ ပြန်ထွက်သွားလိုက်ဆိုတော့ ဆေးထိုးပေးရတာ အခက်အခဲရှိတယ်။ အဲဒီလို ကလေးတွေကိုကျတော့ သူတို့ကိုယ်တိုင် မိဘတွေက လိုလိုလားလားကို ကာကွယ်ဆေးထိုးတဲ့နေရာကို လာရှာဖို့နည်းလမ်းအပြင် မရှိဘူး။ အဲဒီလူဦးရေက ခက်ခဲတဲ့ဒေသမှာ နေနေတဲ့ လူဦးရေထက်ပိုများတယ်” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဒေါက်တာထားထားလင်းက ပြောကြားသည်။
မြန်မာနိုင်ငံ၌ရှိသော ကလေးများတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် အခွင့်အရေးဆုံးရှုံးရခြင်း (သို့မဟုတ်) ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အကြိမ်ရေ အပြည့်အဝ မရရှိခြင်းများနှင့် ကာကွယ်ဆေးနှင့် အလှမ်းဝေးနေသည့် ကလေးငယ်များလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပထမအုပ်စုအတွက် လူအင်အား၊ ငွေအင်အားတို့ဖြင့် ကာကွယ်ဆေးရရှိမှုမြင့်တက်လာစေရန် ဆောင်ရွက်လျက်ရှိသော်လည်း ဒုတိယအုပ်စုအတွက် အခက်အခဲများမှာ မြို့ပြတွင်နေထိုင်သော်လည်း ရွေ့လျားပျောက်ကြားဖြစ်နေသည့်အတွက် အလွယ်တကူမသိရှိဘဲ လက်လှမ်းမမီသောနေရာများ ဖြစ်နေသောကြောင့် ယင်းအုပ်စုများ၏ အခက်အခဲကို ဖြေရှင်းရန် နည်းလမ်းသုံးမျိုး လျာထားလျက်ရှိကြောင်း သိရသည်။
လတ်တလောလျာထားသည့် နည်းလမ်းများမှာ အစိုးရအဖွဲ့အသီးသီး၊ အုပ်ချုပ်သူ၊ စည်ပင်သာယာရေးကော်မတီ၊ ဒေသခံများနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်၊ မိဘများဘက်ကလည်း ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးအကြောင်းကို ပိုမိုသိမြင်နားလည်လာပြီး မိမိတို့၏ကလေးငယ်များ ကာကွယ်ဆေးအကြိမ်ပြည့်ရရှိရန် လိုလားအာရုံစိုက်လာစေရန်အတွက် ပညာပေးအစီအစဉ်များ ပြုလုပ်ရန်နှင့် ပြည်သူများကာကွယ်ဆေးထိုး၊ ဆေးတိုက်စုရပ်များကို အလွယ်တကူလက်လှမ်းမီ၍ အားကိုးမှုပိုမိုရရှိ လာစေရန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးနိုင်သည့် အချိန်နှင့် နေရာများချဲ့ထွင်ပေးရန် စသည့်နည်းလမ်းများကို ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်နိုင်ရန်လျာထားကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment