Thursday, August 8, 2019

အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်

Image may contain: one or more people
ပညာရေးဝန်ကြီးဌာနက အခြေခံပညာ အထက်တန်းအဆင့်တက်ရောက်ပြီးတဲ့ ကျောင်းသားတွေကို ဒီနှစ်ပညာသင်နှစ်က စတင်ကာ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ကို ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သြဂုတ်လ(၈)ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
အထက်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို ကျောင်းခေါ်ချိန်ပြည်မီဖို့၊ ဘာသာရပ်လိုက် တတ်မြောက်မှု အဆင့်သတ်မှတ်တာတွေ၊ စာပေအနုပညာ ၊ စာကြည့်တိုက် ၊ လူမှုရေးနဲ့ ကျောင်းစည်းကမ်းလိုက်နာတာတွေ၊ အားကစားနဲ့ ကာယလှုပ်ရှားမှု စတဲ့ စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် ပေးအပ်သွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်က တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်းစာမေးပွဲရမှတ်နဲ့ မဆုံးဖြတ်ဘဲ တက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ တက္ကသိုလ်ဝင်ခွင့်စနစ်ကို စတင်နိုင်မယ့် အချိန်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းစဉ် ပြည်ထောင်စုဝန်ကြီး ကပြန်လည်ဖြေကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
ရရှိတဲ့လက်မှတ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရလာနိုင်မယ်ဆို ဒါက အောင်မြင်တဲ့ စနစ်ဖြစ်လာနိုင်တယ်လို့ ဦးကျော်တုတ်က မှတ်ချက်ပြု ပြောကြားပါတယ်။
လက်ရှိ ပညာရေးဝန်ကြီးဌာနက ပညာရေးစနစ်သစ် KG + 12 စနစ်ကို အကောင်အထည်အဖော် ဆောင်ရွက်နေပြီး လာမယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ဒွါဒသမတန်း(Grade-12) ပြီးမြောက်သူတွေအနေနဲ့ ပုံမှန်တက္ကသိုလ်ဝင်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမှာဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်သူတွေက တက္ကသိုလ်တွေကို တိုက်ရိုက်တက်ရောက်နိုင်ပြီး မအောင်မြင်သူတွေကိုတော့ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။
အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ရရှိသူတွေကို National Qualificate Framework ရဲ့ Level-3 အဆင့် ပြီးမြောက်ကြောင်းသတ်မှတ်မှာဖြစ်ပြီး Level-4,Level -5 အဆင့်မှာ ရှိတဲ့ Certificte,Diploma,Advanced Diploma တွေကို တက်ရောက်နိုင်မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
Image may contain: 4 people, people standing
Image may contain: 2 people, people sitting

သတင်း - ငြိမ်းချမ်းအောင်

0 comments:

Post a Comment