Sunday, August 4, 2019

‘၀’ဒေသတွင်လည်း အာဖရိက ၀က်တုပ်ကွေးရောဂါဖြစ်ပွားနေ ‘၀’နှင့် မိုင်းလား ဒေသများ၌ အာဖရိက၀က်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကိစ္စ အတည်ပြုနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေဟု တာဝန်ရှိသူပြော

မြန်မာ - တရုတ် နယ်စပ်ရှိ ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) နယ်မြေ၌လည်း အာဖရိက၀က်တုပ်ကွေးရောဂါဖြစ်ပွားမှု တွေ့ရ၍ ကန့် သတ်ချက်များထုတ်ပြန်ထားကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံဦးညီရန်းက ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်ကစတင်ပြီး အိမ်နီးချင်း တရုတ်နိုင်ငံတွင် အာဖရိက ၀က်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားမှုကြောင့် ၀က်အကောင်ရေ တစ်သန်းကျော်
ဖျက်ဆီးပြီးနောက် မြန်မာနိုင်ငံ ဘက်ခြမ်းရှိ ‘၀’လက်နက်ကိုင် အဖွဲ့(UWSA)နယ်မြေနှင့် မိုင်း လားအဖွဲ့(NDAA) နယ်မြေတို့ ယင်းရောဂါဖြစ်ပွားမှုတွေ့ရှိရ၍ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်နေကြောင်း  ယင်းအဖွဲ့တာဝန်ရှိသူများက အတည်ပြုသည်။
ဝက်တုပ်ကွေးရောဂါ ဖြစ် ပွားမှုကို မိုင်းလားဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရှိခဲ့သော်လည်း ‘၀’ဒေသ၌ လွန်ခဲ့သည့်နှစ်လကလည်း ဖြစ်ပွားခဲ့ကြောင်း ဦးညီရန်းက ပြောသည်။
‘‘ပြီးခဲ့တဲ့ နှစ်လ ၀န်းကျင်ကတည်းက ‘၀’ပြည်နယ်မှာ ၀က်ရောဂါနဲ့ ဖြစ်တတ်တဲ့ ပြဿနာတွေ၊ ကိစ္စရပ်တွေ တချို့တွေ့ရလို့ ၀က်သားနဲ့ပတ်သက်တဲ့၊ ၀က်အ ကောင်တွေနဲ့ပတ်သက်တဲ့ သွင်းဖို့၊ ထုတ်ဖို့ ကန့်သတ်ထားတာတွေ၊ စည်းကမ်းချက် သတ်မှတ်ထားတာတွေ ထုတ်ပြန်ထားပြီး သား’’ ဟု ဦးညီရန်းက ဆိုသည်။
UWSA နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မိုင်းလားဒေသ တွင် အာဖရိက ၀က်တုပ်ကွေးရော ဂါ ဖြစ်ပွားမှု တွေ့ရ၍ ဒေသတွင်းရှိ ၀က်အကောင်ရေ နှစ်ထောင်ကျော် ကို မိုင်းလား အဖွဲ့ (NDAA)ကသုတ်သင်ခဲ့ပြီး ပြည်တွင်းရှိ အခြားဒေသများသို့ မကူးစက်ရေး ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က ပြောသည်။
‘‘ရောဂါရောက်လာတဲ့ ရွာတွေမှာဆိုရင် အဲဒီရွာထဲမှာရှိတဲ့ ၀က်တွေ အကုန်လုံးသတ်တယ်။ သူက ၀က်အချင်းချင်း ကူးစက် တာ။ လူရော၊ ကြက်ရော တခြားတိရစ္ဆာန်ရော ကူးစက်တာ မရှိပါဘူး။ ၀က်အချင်းချင်းပဲ ကူးစက် တာ။ ဒါပေမဲ့ တအားမြန်တယ်။ဒါကြောင့် ကျွန်တော်တို့ မတတ်နိုင်ဘူး ရွာတိုင်းကိုလုပ်တယ်။ နောက်ပြီးမှ ဒီလိုနစ်နာချက်ကို ရွာသူ၊ ရွာသားကို ဘယ်လိုလုပ်ပေးမယ်ဆိုတာ ပြန်စဉ်းစားမယ်။ ပြန်ဆွေးနွေးမယ်။ လောလောဆယ်တော့ ချက်ချင်း အကုန်လုံးရှင်းပစ် လိုက်မှာပဲ။ မကူးစက်နိုင်အောင် မပြန့်ပွားနိုင်အောင်ပေါ့’’ ဟု ဦးကြည်မြင့်က ဆိုသည်။
ရောဂါထိန်းချုပ်ရေး  ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ အကူအညီဖြင့် ဆောင်ရွက်နေပြီး ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအ နေကို အစိုးရထံသို့ ငြိမ်းချမ်းရေးကော်မရှင်မှတစ်ဆင့် သတင်းပို့ ထားသည်ဟု ၎င်းက ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကမူ ‘၀’ နှင့် မိုင်းလားဒေသတွင် အာဖရိက ၀က်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ၎င်းတို့ထံသို့ အကြောင်းကြား သတင်းပို့ထားခြင်း မရှိသေးကြောင်း၊ ရောဂါဖြစ်ပွားမှု အတည်ပြုနိုင်ရေး ဆောင်ရွက်နေကြောင်းနှင့် ကြိုတင်ပြင်ဆင်မှုများဆက်တိုက် ဆောင်ရွက်နေကြောင်း  သြဂုတ်၎ ရက်တွင် ပြောသည်။
‘‘ကိုယ့်နိုင်ငံမှာ ဒါ(အာဖရိက ၀က်တုပ်ကွေးရောဂါ) ကြောင့် ဖြစ်တာ မရှိဖို့ကတော့ စဉ်ဆက်မပြတ် စူးစမ်းလေ့လာတဲ့လုပ်ငန်းတွေ၊ နောက်တစ်ခါ ပညာပေးလုပ်ငန်းတွေ၊ နောက်တစ်ခါ တရားမ၀င် ကုန်သွယ်တဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေ အဲဒါတွေကတော့ ဆက်တိုက်လုပ်နေပါတယ်’’ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် နှစ် ၃၀ ခန့်က တည်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ထား သည့် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့သည် ၎င်းတို့ နယ်မြေအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စများကို ၎င်းတို့အစီအမံဖြင့် ဆောင်ရွက်နေ၍ အဆိုပါဒေသများအတွင်း ပြည်ထောင်စု အစိုးရ၏ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ်များ ရှိနေသည်။

7Day

0 comments:

Post a Comment