ရုရှားနိုင်ငံ မော်စကိုမြို့တွင် တရားမဝင် လူစုဝေးဆန္ဒပြမှုများအား ကန့်သတ်ပိတ်ပင်ထားသော်လည်း ဆန္ဒပြမှုများပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့က လူ ၆၀၀ ကျော်ခန့် ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
လာမည့် ပြည်နယ်ရွေးကောက်ပွဲများတွင် အတိုက်အခံ အင်အားစုဘက်မှ အမတ်လောင်းများကို ရုရှားအာဏာပိုင်များက အရည်အချင်း မပြည့်မီဟုဆိုကာ ထုတ်ပယ်လိုက်ပြီးနောက် မော်စကိုမြို့၌ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ယင်းဆန္ဒပြပွဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မစ္စလူဘော့ဗ်ဆိုဘောလ် ဆန္ဒပြအင်အားစုနှင့် ပူးပေါင်းမှုမပြုမီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ချီတက်ဆန္ဒပြသူများ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတွင် ရုရှားရဲအရာရှိများက ဆန္ဒပြသူများကို နံပါတ်တုတ်များဖြင့် ရိုက်နေသည်ကိုတွေ့ရသလို ဖမ်းဆီးထိန်းသိမ်းနေပုံများလည်းပါဝင်သည်။
ရုရှားအစိုးရအရာရှိကြီးများက ချီတက်ဆန္ဒပြသူ ၃၅၀ ခန့်ရှိရာ ယင်းအနက် ၃၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ကနဦး သတင်းထုတ်ပြန်သည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော OVD-Info က ဖမ်းဆီးထိန်းသိမ်းမှုများမှာ ပထမပိုင်းတွင် ဆယ်ဂဏန်းမျှသာ ရှိသော်လည်း နောက်ပိုင်းတွင် ရာပေါင်း များစွာအထိ မြင့်တက်လာသည်ဟု ဆိုသည်။
အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင်များကို မော်စကိုမြို့ နေရာအတော်များများတွင် တွေ့မြင်ကြရပြီး ပြည်သူများအနေနှင့် ချီတက်ဆန္ဒပြခြင်း မပြုလုပ်ကြရန် သတိပေးခဲ့သည်။
ရုရှား TASS သတင်းဌာန၏ ဖော်ပြချက်အရ ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် ထိပ်တိုက်ပဋိပက္ခဖြစ်ရာမှ ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
သို့သော် ဆန္ဒပြသူများက ရဲတပ်ဖွဲ့သည် ဆန္ဒပြအင်အားစုများအပေါ် အင်အား အလွန်အကျွံသုံးကာ နှိမ်နင်းခဲ့သည်ဟု ဆိုသည်။
လူမှုကွန်ရက်ပေါ်တွင် တက်လာသော ဓာတ်ပုံများနှင့် နိုင်ငံပိုင်ရုပ်သံ၏ ထုတ်လွှတ်ချက်များတွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ကို မြေပြင်ပေါ်တွန်းလှဲကာ ချုပ်နှောင်ဖမ်းဆီးနေပုံများ ပါဝင်သည်။
The Voice






0 comments:
Post a Comment