
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဂေါက်ကွင်း စီမံကိန်းဧရိယာကို သြဂုတ်လ (၂၅) ရက်နေ့ နေ့လည်ပိုင်း က စီမံကိန်းအကောင်အထည်ဖော်မည့် ဖွံ့ဖြိုးသစ်ကုမ္ပဏီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့က ခြံစည်းရိုးခတ်နေစဉ် ဒေသခံတောင်သူများနှင့်ပဋိပက္ခဖြစ်ပွားခဲ့သည် ။
ထိုသို့ ပဋိပက္ခဖြစ်ပွားခဲ့သည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရပြီး ရုဏ်းရင်းဆန်ခတ်ဖြစ်နေသည့်အချိန်တွင် ဒေသခံ အမျိုးသမီးတစ်ဦး၏ မျက်နှာတွင် ဓားခုတ်ဒဏ်ရာရရှိခဲ့ကာ ဓါးဖြင့်ခုတ်သူမှာ ရဲတပ်ဖွဲ့ က ဖြစ်ကြောင်း ဒေသခံများ က စွပ်စွဲကြသည် ။
``မနေ့ကတည်းက တောင်သူမြေတွေကို လိုချင်လို့ လာကာတယ်။ ကျွန်မတို့အနေနဲ့ က အခု မြေယာပြဿနာကို ပြေလည်အောင်ဖြေရှင်းပေး ။ ဘာမှ ဖြေရှင်းမပြီးခင်မှာ ခြံဝန်းမခတ်ဖို့ကို စည်ပင်သာယာက တာဝန်ရှိသူတွေကို ပြောတယ်။ သူတို့က စည်ပင်နဲ့ မဆိုင်ဘူး တိုင်းအစိုးရကို ညှိနှိုင်းဖို့ ပြောတယ်။ ပြေလည်ရင် မလုပ်ဘူးပြောတယ် ။ မလုပ်ဘူးပြောပြီး ဒီနေ့မှာ အခုလိုခြံလာခတ်တာပဲ။´´ ဟု ရေကြည်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်နုနုက ပြောသည်။
စီမံကိန်းဧရိယာအတွင်းပါဝင်နေသည့် မြေများကို ပိုင်ရှင် တောင်သူများနှင့် ပြေလည်မှုရရှိရေး ညှိနှိုင်းခဲ့ပြီး ပြောင်းရွှေ့စားရိတ်နှင့် နေစရာ နေရာတို့အတွက် ပြေလည်မှုရရှိခဲ့သော်လည်း စိုက်ပျိုးမြေ ဧက ၁၃၀ ခန့်အတွက် ညှိနှိုင်းပြေလည်ခြင်းမရှိသေးခင် စည်ပင်သာယာ မှ ခြံစည်းရိုးခတ်ခြင်းကို လုပ်ဆောင်ခဲ့သည် ။
ထိုသို့ စည်ပင်သာယာ ၏ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းကို ရဲတပ်ဖွဲ့ က လုံခြုံရေးယူပေးခဲ့ရပြီး ဒေသခံတောင်သူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည် ။ ပဋိပက္ခဖြစ်စဉ်တွင် နှစ်ဖက်အပြန်အလှန် လေးခွများဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး၊ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့သည့်အပြင် တောင်သူများ ထွက်ပြေးစဉ် ခံစည်းရိုးကာရံနေသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့က နောက်မှလိုက်ကာ ရိုက်နှက်ခြင်း၊ ထိုးကြိတ်ကန်ကြောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည် ။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ နှင့် စည်ပင်သာယာ မှ တစ်စုံတစ်ရာ ရှင်းလင်းပြောကြားခြင်းမရှိသေးပေ ။
၁၉၉၇ ခုနှစ်က ဂေါက်ကွင်းစီမံကိန်းအတွက်ဟုဆိုကာ တောင်သူပိုင် မြေဧက(၅၀၀) ကျော်ကို သိမ်းယူခဲ့ပြီး သိမ်းဆည်းမြေ၏ တစ်စိတ်တစ်ပိုင်းသာ စီမံကိန်းအကောင်အထည်ဖော်သည့်အတွက် ပိုလျှံမြေများ ပြန်လည်စွန့်လွှတ်ရန်နှင့် သိမ်းဆည်းခဲ့သည့်မြေများအတွက် မြေယာလျော်ကြေးပေးရန်တောင်းဆိုခဲ့ကြသည် ။
ယခုအခါ အဆိုပါ ပိုလျှံမြေနေရာတွင် ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည် ။












0 comments:
Post a Comment