Sunday, August 25, 2019

အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် အင်န်စီအေလက်မှတ်ထိုး တိုင်းရင်းသား(၁၀)ဖွဲ့ သဘောထားထုတ်ပြန်

Image may contain: 1 person

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှု အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများကို ဖြေရှင်းကျော် လွှားနိုင်ရေးအတွက် အစိုးရနှင့် တွေ့ဆုံဆွေးနွေး မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်(၁၀)ဖွဲ့က ဩဂုတ် ၂၅ ရက်တွင် သဘောထား ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဩဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ခဲ့သည့် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး အပြီးတွင် ၎င်းက ယင်းကဲ့သို့ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် 'တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်'တစ် ရပ်ကို စနစ်တကျ ရေးဆွဲသတ်မှတ်ပြီး အစိုးရနှင့် ဆွေးနွေးသဘောတူညီမှုရယူရန်အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန်အတွက် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင် သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့တို့ကို အဆိုပါအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
'ဒီအစည်းအဝေးမှာ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး အခြေအနေတွေကို ဝိုင်းဝန်းသုံးသပ်နိုင်ခဲ့လို့ ရှေ့လုပ်ငန်းစဉ် ချမှတ်ရာမှာ များစွာအထောက်အကူဖြစ်ခဲ့ ပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့မှုကျော်လွှားရေး ညှိနှိုင်းဆွေးနွေးဖို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ရေး နည်းလမ်းလေးရပ်ကို ဆွေးနွေးဖို့အဖွဲ့ဝင် ၁၀ဦးပါ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့လို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးရေးကို မကြာမီ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ ညှိနှိုင်းဆွေးနွေးပွဲများကနေတစ်ဆင့် တရားဝင် ဆွေးနွေးပွဲများနဲ့ ၂၁ရာစု ပင်လုံတို့ကို ကျင်းပနိုင်ရေး လမ်းပွင့်သွားမယ်လို့ မျှော်လင့်ပါ တယ်'ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အစည်းအဝေး နိဂုံးချုပ် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ပါဝင်သင့် ပါဝင်ထိုက်သော အင်အားစုအားလုံးပါဝင်လာနိုင်မည့် အခင်းအကျင်းဖော် ဆောင်နိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သက်ဆိုင်ရာအင်အား စုများနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များ၏ ထုတ် ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် လက်ရှိတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ဖြစ်ပွား နေသော ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ် သက်၍လည်း နှစ်ဖက်စလုံးက လျှော့ချပြီး နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် PPST အစည်းအဝေးက တိုက်တွန်းထားသည်။
အဆိုပါ အစည်းအဝေးသို့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင် ၁၀ ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊နည်းပညာ အထောက်အကူပြုများနှင့် ရုံးအဖွဲ့ဝင်များ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ရဲထက်ကျော်
ဓာတ်ပုံ - NCA-S EAO

The Standard Time Daily

0 comments:

Post a Comment