Friday, August 2, 2019

နိုင်ငံတော်သမ္မတ၏ မန္တလေး ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ တိုင်ကြားစာ (၁၀) စောင် လက်ခံရရှိ

Image may contain: 2 people, people standing
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မန္တလေးမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် တိုင်ကြားစာ (၁၀) စောင်ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းပေါ်ရှိ MCC (CONVENTION CENTRE) တွင် ယနေ့ သြဂုတ် ၂ ရက်၊ နံနက်၊ (၁၀) နာရီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ဒေသခံပြည်သူများ တင်ပြတိုင်ကြားနိုင်ရန် တိုင်ကြားစာဌာနကို ဖွင့်လှစ်ခဲ့သည်။
"ကျွန်တော်တို့အနေနဲ့က မနက် (၇) နာရီလောက်ကတည်းက တိုင်ကြားစာဌာနကို ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိမှာတော့ တိုင်ကြားစာ ခုနစ်ခု ရရှိထားပါတယ်။ သမ္မတကြီးလက်ထဲ ရောက်ရှိအောင် ပို့ဆောင်သွားမှာပါ"ဟု တိုင်ကြားစာ လက်ခံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လာရောက်တိုင်ကြားစာများတွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် မြို့ပေါ်တို့မှ တိုင်ကြားမှု (၉) ခုနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲဒေသက တိုင်ကြားမှုတစ်ခုတို့ ပါဝင်သည်။
“ဒီနေ့ သမ္မတကြီးဦးဝင်းမြင့် လာတယ်ဆိုလို့ တိုင်ကြားစာ လာရောက်ပေးခဲ့တာပါ။ အခုလိုပေးခွင့်ရလို့လည်း အရမ်းဝမ်းသာပါတယ်။ ကျွန်မတိုင်တာက မြေယာနဲ့ ပတ်သက်ပြီး တရားရုံးတွေကနေ ဆုံးဖြတ်တာကို မကျေနပ်လို့ အခုလို သမ္မတကြီးရဲ့ ခရီးစဉ်မှာ လာပြီးတိုင်ကြားတာပါ" ဟု တိုင်ကြားစာပေးပို့သူ မန္တလေးမြို့နေ ဒေါ်ခင်စန်းဝင်းက ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်တို့က လုပ်ငန်းဆောင်ရွက်များကို တင်ပြခဲ့ကြကာ နိုင်ငံတော် သမ္မတက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မန္တလေးမြို့ခရီးစဉ်တွင် မန္တလေးတိုင်းအတွင်းရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအပြင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ကြည့်ရှုစစ်ဆေးမှုအပြင် ပုသိမ်ကြီးမြို့နယ်ရှိ မဲကင်းကုန်းကျေးရွာရှိ ဝန်ထမ်းအိမ်ရာ တိုက်ခန်းမဲနှိုက်မှုများကို ကြည့်ရှုမှုများ ဖြစ်ကြောင်းသိရသည်။
Image may contain: one or more people and indoor
Image may contain: one or more people and crowd
Image may contain: 17 people, people sitting
Image may contain: 2 people, people standing
မိုးမခ
Isee Media

0 comments:

Post a Comment