Thursday, August 1, 2019

NLD နှင့် တပ်မတော်ပူးပေါင်းကာ ပြည်သူ့မျက်နှာကို ရှေ့ရှုပြီး ညှိညှိနှိုင်းနှိုင်းဖြင့် ဖွဲ့စည်းပုံကိုပြင်ဆင်ပေးရန် ရှမ်းနှင့် ရခိုင် တိုက်တွန်း

Image may contain: 7 people, people sitting, hat and child

လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် အဓိက အခရာကျသည့် အင်းအားစုကြီး နှစ်ခုဖြစ်သော အာဏာရ NLD ပါတီနှင့် တပ်မတော်တို့ ပူးပေါင်းကာ ပြည်သူ့မျက်နှာကို ရှေးရှုပြီး ညှိညှိ နှိုင်းနှိုင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့ က တိုက်တွန်းလိုက်သည်။

အချက်ပေါင်း ၃၇၆၅ ချက်ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါ င်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေရာ၌ ယင်းသို့ တိုက်တွန်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ယနေ့ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်သည့် အခါတွင် အဖွဲ့အစည်းအသီးသီးက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေသည် ခေတ်စနစ်နှင့် အညီပြင်ဆင်သွားရန် လိုအပ်နေကြောင်း လက်ခံလာကြသလို နိုင်ငံသူနိုင်ငံသားများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် စိတ်အားထက်သန်နေကြသည်ကို မြင်တွေ့ရမှာ ဖြစ်ပါသည်ဟု ဆိုသည်။
ဆက်လက်ပြီး ဦးစိုင်ထွန်းအေးက `ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ရောက်ရှိလာကြတဲ့ ပြည်သူကိုချစ်သော တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ သော်လည်းကောင်။ လွှတ်တော်အတွင်းမှာ အဓိကကျတဲ့ အင်းအားစုဖြစ်တဲ့ ပြည်သူက အားကိုးတဲ့ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ လည်းကောင်း။ ပြည်သူ့အကျိုး၊ ပြည်သူ့မျက်နှာကို ရှေးရှု၍ ပြည်သူများနဲ့ အတူ ဖွဲ့စည်းပုံအခြေခံ ဥပေဒေကို လက်တွေ့ကျကျ ပြင်ဆင်ပေးတော်မူကြပါလို့` တိုက်တွန်းသည်။
သွေးချောင်းစီးသည့် စစ်ပွဲများကိုရပ်ပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စုကြီးကို တည်ဆောက်ချင်သည်ဆိုပါက ပြည်နယ်များကို မဖြစ်စလောက် လုပ်ပိုင်ခွင့်ပေးထားသော လက်ရှိဖွဲ့စည်းပုံဖြင့် ဆက်သွား၍ မရကြောင်း ဖယ်ဒရယ်တံခါးကို ရဲရဲဝံ့ဝံ့ ဖွင့်ပေးရန် လိုသည်ဟု ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းက သုံးသပ်သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပိုဒ် ၂၃တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခန်း ၁၂ နှင့် အညီ၊ ပြဌာန်းချက်များနှင့်အညီ ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမည်ဟု ဖေါ်ပြထားကြောင်း၊ အခန်း ၁၂ ပါပြဌာန်းချက်များဖြင့် ပြင်ဆင်ရန်ကို ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များကလည်း အမြဲတမ်းတင်ပြတောင်းဆိုနေကြောင်း ထို့အတွက်ကြောင့် ပြီးခဲ့သည်များကို မေ့ပြစ်ကာ ရှေ့ဆက်အတူ လက်တွဲဆောင်ရွက်သွားနိုင်ရန် မျှော်လင့်သည်ဟု ၄င်းကဆိုသည်။
ဆက်လက်ပြီး ဦးဖေသန်းက `အကြွေးလာတောင်းတိုင်း လင်မယား ရန်ဖြစ်ချင်ယောင် ဆောင်နေပြီးတော့ အချိန်ဆွဲနေသလို တိုင်းရင်းသားတွေက အထင်အမြင်လွဲသွားမှာကို သတိထားသင့်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ တံခါးသော့တစ်ချောင်းဆီကို ပိုင်ဆိုင်ထားကြတဲ့ NLD ပါတီနဲ့ တပ်မတော်တို့ ညှိညှိနှိုင်းနှိုင်းနဲ့ အစကတည်းက ဒီလမ်းကြောင်းအတိုင်း သွားခဲ့မယ်ဆိုရင်။ အခုဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အတော်ခရီး ပေါက်နေပြီလို့ ထင်မြင်မိပါတယ်။ ကျန်လွှတ်တော်သက်တမ်းကာလမှာ ၂၀၂၀ ရွေးကောက်ပွဲလည်း ရှိနေတာဖြစ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ် အချိန်ဇယားကို Time Frame ကို တိတိကျကျရေးဆွဲ သတ်မှတ်ပြီး ဆောင်ရွက်ဖို့လိုပါတယ်` ဟု တိုက်တွန်းသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD နှင့် တပ်တော်တို့ ညှိနှိုင်း ဆောင်ရွက်ရန် တိုက်တွန်းလိုက်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့သည် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အကြံပြုချက် အများဆုံးပေးထားသော ပါတီနှစ်ခုလည်းဖြစ်သည်။
အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment