ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်စဉ်ကြောင့် အရင်းအမြစ်တွေ လျော့ပါးလာမှု၊ စီးပွားရေး ရုန်းကန်နေရမှုတွေကြောင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) ဒုက္ခသည်တွေကို ထပ်လက်မခံနိုင်တော့ဘူးလို့ မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin မူဟစ်ဒင် ယာဆင်က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံဟာ ဘင်္ဂါလီ ဒုက္ခသည်တွေ သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် မလေးရှားဟာ ၎င်းတို့တွေကို တရားဝင် ဒုက္ခသည်တွေအဖြစ် အသိအမှတ်မပြုပါဘူး။ နိုင်ငံတော် ရန်ပုံငွေတွေ လျော့ပါးလာစေမှု၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့စေမှုတွေအတွက် နိုင်ငံခြားမှ ဝင်ရောက်လာသူတွေအပေါ် ဒေါသအမျက်ထွက်မှုတွေ မြင့်တက်လာစဉ် မကြာခင်က ဘင်္ဂါလီ လှေစီးပြေးတွေကို ပြန်မောင်းထုတ်မှုတွေဖြစ်ခဲ့သလို ဘင်္ဂါလီ ရာပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံမှုတွေ ရှိလာခဲ့ရပါတယ်။
COVID-19 ကပ်ရောဂါဖြစ်စဉ်ကြောင့် မိမိတို့ အရင်းအမြစ် စွမ်းရည်တွေ တိုးချဲ့အသုံးပြုခဲ့ရတဲ့အတွက် ထပ်လက်မခံနိုင်တော့ပါဘူး လို့ မြန်မာနဲ့ အရှေ့တောင်အာရှ ၁၀ နိုင်ငံခေါင်းဆောင်တွေ ပါဝင်တဲ့ အာဆီယံ တယ်လီကွန်ဖရင့် ဆွေးနွေးပွဲမှာ Muhyiddin က ပြောဆိုခဲ့ပါတယ်။ သို့တိုင်အောင် မလေးရှားနိုင်ငံ အနေနဲ့ ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ထပ်မံနေရာချထားပေးဖို့ မမျှတစွာ မျှော်လင့်ခံနေရကြောင်း ၎င်းက ပြောပါတယ်။
ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး အာဆီယံအတွက် သဘောထားကွဲမှုတွေရှိခဲ့ကာ မွတ်ဆလင် အဖွဲ့ဝင်နှစ်နိုင်ငံဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ဗုဒ္ဓဘာသာ အများစု မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်ကြပါတယ်။ လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ ဘင်္ဂါလီတွေ ၎င်းတို့နိုင်ငံအတွင်း ဝင်ရောက်နေကြခြင်းကို စိတ်ပျက်ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူနည်းစု ဘင်္ဂါလီတွေအပေါ် နှိပ်ကွက်မှုတွေမရှိကြောင်း မြန်မာအစိုးရက ငြင်း ပယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၎င်းတို့တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားခဲ့ခြင်းမရှိဘဲ ၎င်းတို့တွေဟာ တောင်အာရှဒေသမှ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်ခဲ့သူတွေဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Ref ; Akon Thi
0 comments:
Post a Comment