Saturday, June 27, 2020

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သွားပြီး ပျောက်ဆုံးနေသော တက္ကသိုလ်ကျောင်းသူ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိ

ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းက ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သွားပြီး ပျောက်ဆုံးနေခဲ့သော တက္ကသိုလ် ကျောင်းသူ၏ ရုပ်အလောင်းအား ဇွဲကပင်တောင် ကရင်မောင်နှမနတ်နန်း အနီး ပေ ၃၀၀ ခန့်အနက်ရှိ ချောက်ကမ်း ပါးအောက်တွင် ယနေ့ နံနက် ၁၀ နာရီကျော်က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဘားအံတက္ကသိုလ်တွင် ဂုဏ်ထူးတန်း ပထမနှစ် တက်နေသည့် ကျောင်းသူတစ်ဦးသည် ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်က ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်သွားပြီး ပျောက်ဆုံးကြောင်း၊ ဘားအံမြို့မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘို ဝေမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ကွန်ပျူတာ ပညာရှင်အသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုကူညီရေးအဖွဲ့များ စုစုပေါင်း အင်အား (၁၀၀) ဦးခန့်က Drone ယာဉ် ၄ စီးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများ အသုံးပြု၍ ရှာဖွေ ခဲ့ရာ ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပျောက်ဆုံးသွားသူ၏ ရုပ်အလောင်းကို ပေ ၃၀၀ ခန့်နက်သည့် ချောက်ကမ်းပါးအတွင်း ရှာဖွေတွေ့ရှိခဲ့ကြကြောင်း ၊ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက ရုပ်အလောင်းအား ချောက်ကမ်းပါးအောက်မှ တောင်စောင်းသို့ ပြန်လည်ဆွဲတင်ပြီး (၁၃:၄၅) အချိန်ခန့်တွင် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ခရိုင်ပြန်/ဆက်)

0 comments:

Post a Comment